မန္တလေး၊ မတ် ၂၇၊ ၂၀၂၆။
မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရှမ်းပိုင်းရပ်ကွက်၊ ၈၇ လမ်းနဲ့ ၃၆ လမ်းအနီးမှာ ဆီပန့်အသေးထောင်ပြီး ဓါတ်ဆီရောင်းတဲ့ အိမ်မီးလောင်ပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မတ်လ ၂၆ ရက် မနေ့ကမနက် ၁၀ နာရီမှာ မီးလောင်ခဲ့တာကြောင့် အသက် ၁၇ နှစ်အရွယ် မောင်မင်းခန့်မောင် သေဆုံးပြီး မိခင်ဖြစ်သူဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“ကလေး အပေါ်ထပ်မှာ အိပ်နေတာလို့ပြောတယ်။ မီးငြိမ်းမှ DB (Dead Body) ထုတ်လာရတာ။ ကလေးအမေကတော့ မီးလောင်ဒဏ်ရာက မစိုးရိမ်ရပေမယ့် သားစိတ်နဲ့ စိတ်ကဖြစ်နေလို့ ဆေးရုံပို့လိုက်ရတာပါ”လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီမီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ မီးသတ်ဦးစီးဌာနက စိစစ်ဆဲလို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ၂၁ ရက် ၁ ရက်တည်းမှာပဲ ပုသိမ်ကြီးနဲ့ ပြည်ကြီးတံခွန်မြို့နယ်တို့မှာ မီးလောင်မှုတွေဖြစ်ခဲ့တာကြောင့် နေအိမ်နဲ့ ဂိုထောင် ၂ လုံးပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။
သတင်း – MG