12 July 2026 6:24 AM

ကျေးရွာပေါင်း ၇၀ ကျော်ကို စလင်းပကဖ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့

0 1
0 1

မကွေး၊ ဇန်နဝါရီ ၂၅၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့နယ်က ကျေးရွာပေါင်း ၇၀ ကျော်က ဒေသခံပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့တယ်လို့ စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

စလင်းပကဖ စိုးမိုးနယ်မြေမှာရှိတဲ့ ကျေးရွာ ၇၀ ကျော်ကို ၂၀၂၄ ဇန်နဝါရီလကစတင်ကာ အုပ်စုကျေးရွာ အလိုက်ဆေးခန်းတွေဖွင့်ပြီး အပတ်စဥ်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တာလို့ ဆိုပါတယ်။

“ရောဂါအလိုက် ဆေးဝါးတော်တော်များများ အသုံးပြုပေးနိုင်ပါတယ်ဗျ။ ကျန်းမာရေးမှူး အဆင့်ထိရှိတော့ အသက်ကယ်ဆေးပုံစံတွေပါအသုံးပြုနိုင်တာ ရှိပါတယ်။ အဆိပ်သောက်သေတဲ့ လူနာမျိုးတွေလည်း ကုသပေးနိုင်ခဲ့ပါတယ်”လို့ စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုအောင်ဆန်းက ပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်ပေးမှုကို CDM ကျန်းမာရေး ဆရာ၊ ဆရာမတွေနဲ့ ဆေးသင်တန်းဆင်းထားတဲ့ တပ်ဖွဲ့ဝင်တွေက ကျေးရွာအလိုက်ဆောင်ရွက်ပေးတာလို့ ကိုအောင်ဆန်းက ဆက်ပြောပါတယ်။

“ကျနော်တို့ စိုးမိုးနယ်မြေမှာ ရွာပေါင်း ၈၀ ဝန်းကျင်ရှိ‌နေပြီးတော့ ဆေးဝါးဝန်ဆောင်မှုကို‌နယ်မြေရောက်ပြီး မကြာခင်မှာ စတင်လုပ်ဆောင်ခဲ့တာပါ။ ၂၀၂၄ နိုဝင်ဘာလထဲမှာ ဆေးဝါးအပတ်စဉ် ၁ သင်တန်းအောင်မြင်စွာသင်တန်းဆင်းပေးခဲ့ပြီးတော့ ဆေးဝါးကျွမ်းကျင်သင်တန်းသားတွေနဲ့ အရင်ကထက်ပိုပြီး တွင်တွင်ကျယ်ကျယ် ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ခဲ့တယ်” လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ ဆေးခန်းတွေမှာဆေးဝါးပစ္စည်းတွေလိုအပ်မှုတွေလည်းရှိလာနေပြီး ဆက်လက်ပြီးတော့လည်း ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်အောင်အတွက် ပြည်တွင်း၊ ပြည်ပကအလှူရှင်တွေ အနေနဲ့ စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ဆက်သွယ်လှူဒါန်းပေးကြဖို့လည်း ကိုအောင်ဆန်းက ပြောပါတယ်။

၂၀၂၄ ခုနှစ် တနှစ်တာအတွင်း စလင်းမြို့နယ်က ဒေသခံထောင်ကျော်၊ တခြားမြို့နယ်က စလင်းမြို့နယ်ထဲကို လာရောက်စစ်ဘေးရှောင်နေတဲ့ ဒေသခံရာကျော်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ကို လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့သလို ကိုယ်ဝန်ဆောင်မိခင် ၁၀ ဦးကျော်တို့ကို အောင်မြင်စွာကလေးမွေးဖွားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။