မြင်းခြံမှာ စစ်ကောင်စီဗုံးကြဲပစ်ခတ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူ ၂၀ ဦးဝန်းကျင်သေဆုံး

0 2
0 2

ကျော်ကြီးနန်းခမ်း

မန္တလေး၊ ဇန်နဝါရီ ၂၆၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူ စုစုပေါင်း ၂၀ ဦးဝန်းကျင် သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂၆ ရက်မနက် ၇ နာရီကျော်မှ တိုက်လေယာဉ် ၁ စီး၊ ရဟတ်ယာဥ် ၁ စီးနဲ့ ဗုံးကြဲပြီး ပစ်ခတ်တာတွေလုပ်ခဲ့တာလို့ဆိုပါတယ်။

“ခုလောလောဆယ် အမိန့်ပြန်တမ်းလုပ်နေရတော့ လောလောဆယ်အသေးစိတ်ဖြေပေးဖို့ ခက်သေးတယ်။ ဗုံးတွေက စခန်းအရှေ့ထဲကိုကျတာ။ ရပ်ကျေးပကဖ စခန်းထဲကို ကျတာပါ။ လောလောဆယ် ၁၈ ဦးကျတာတော့ အတည်ပြုထားနိုင်သေးတယ်။”လို့ လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာအနီးမှာရှိနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဗုံးကြဲပစ်ခတ်ခံရလို့ ဆင်းဂွတ်ကျေးရွာ ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ ပြည်သူ ၇ ဦး သေဆုံးထားပြီး ဒဏ်ရာရပြည်သူ ၁ ဦးအပြင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထဲကလည်း ထိခိုက်သူတွေရှိတယ်လို့ သိရပါတယ်။

“ကျေးရွာစာသင်ကျောင်းထဲမှာ ရွာကလူတွေနဲ့ အစည်းအဝေးလုပ်အပြီးမှာ ဖြစ်တာ။ ဆင်းဂွတ်ပကဖက တယောက်နဲ့ စာသင်ကျောင်းဖွင့်ပွဲတခုဆုံသေးတယ်။ မနက်ကျလေယာ​​ဉ်ပစ်တယ်ဆိုတော့ သူ့ဆီ ဖုန်းဆက်လိုက်တာ ဖုန်းကိုင်တယ်။ သူကပြေးလွှားဖို့ အော်နေတယ်။ နောက်နာရီဝက်လောက်နေတော့ သူလည်းသေသွားတယ်။ သူက အဲ့ရွာကခေါင်းဆောင်။ အဲ့ထဲမှာ မြောင်ကရဲဘော်လည်း တယောက်ပါတယ်။ အချို့ဆို လွင့်ပြီးအပင်ပေါ်မှာတင်နေတာတွေလည်း ရှိတယ်။ အဲ့ဒါတွေကျ ဘယ်သူဘယ်ဝါမှန်းမသိရသေးဘူး။”လို့ CDSOM အဖွဲ့မှ ကိုနွေဦးကပြောပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။

သေဆုံးသူတွေရဲ့နာရေးကိုပြုလုပ်နိုင်ဖို့အတွက် ကျန်ရှိကာကွယ်ရေးအဖွဲ့ဝင်တွေက လုပ်ဆောင်နေပြီး ဒဏ်ရာရသူတွေကို ဆေးကုသနိုင်ဖို့လည်းလုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။