မင်းလှ၊ မတ် ၂၃၊ ၂၀၂၆။
ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကော်မရှင်လက်အောက် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ရွှေတန်းမြေပြည်သူကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေထံက သိရပါတယ်။
သေဆုံးသူဟာ မင်းလှမြို့နယ်၊ ဝက်လှကြီးကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၄၅ နှစ်အရွယ် ဦးအောင်ကျော်မိုးဆိုသူဖြစ်ပြီး ၎င်းကို မတ်လ ၂၂ ရက် ယမန်နေ့ ညနေ ၄ နာရီခန့်မှာ နေအိမ်အတွင်းအထိဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
” သူက ထွေအုပ်ကပြန်တာလား စစ်ကွင်းတာဆုံဂိတ်က ပြန်လာတာလားတော့ မသိဘူး။ သူပြန်လာတဲ့အချိန်ကို ရဲဘော်တွေက သွားစောင့်တာ။ သူကအိမ်ကိုရောက်နှင့်နေတုန်းပဲရှိသေးတယ်။ လွယ်အိတ်တွေတောင်မချရသေးဘူး။ အဲ့ဒီအချိန်မှာရဲဘော်တွေက သူ့နာမည်ခေါ်ပြီးဝင်သွားချိန် ထွက်ပြေးဖို့လုပ်လို့ ၂ ချက်ပစ်ခတ်ခဲ့တာ”လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။
သေဆုံးသူ ဦးအောင်ကျော်မိုးဟာ ဝက်လှကြီးကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်လုပ်ကိုင်တာ ၃ လသာ ရှိသေးပြီး ယခင်ဝက်လှကြီးကျေးရွာအုပ်ချုပ်ရေးမှူးက ကျန်းမာရေးမကောင်းတာကြောင့် အနားယူသွားလို့ အစားထိုးဝင်ရောက်လာတာလို့ ဆိုပါတယ်။
ဦးအောင်ကျော်မိုးဟာ အုပ်ချုပ်ရေးမှူးမဖြစ်ခင်ကတည်းက စစ်ကော်မရှင်တပ်၊ အထွေထွေအုပ်ချုပ်ရေးဌာနတွေနဲ့နီးစပ်သူဖြစ်ပြီး အုပ်ချုပ်ရေးမှုးဖြစ်လာပြီးနောက် စစ်မှုထမ်းကြေးအတင်းအဓမ္မတောင်းခံတာ၊ တောင်းခံလို့မရရင်ဖမ်းဆီးမှုတွေလုပ်ဆောင်မယ်လို့ ခြိမ်းခြောက်မှုတွေရှိလာကြောင်း တိုင်ကြားလာလို့ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။
သေနတ်နဲ့အနီးကပ်ပစ်ခံရလို့ ဦးအောင်ကျော်မိုးမှာ နေရာမှာသေဆုံးသွားပြီး ၎င်းထံကနေ နိုင်ငံသားစိစစ်ရေးကတ်၊ ယာဥ်မောင်းလိုင်စင်၊ စစ်မှုထမ်းကြေးကောက်ယူထားတဲ့စာရွက်စာတမ်းတွေ သိမ်းဆည်း ရရှိခဲ့ကာ ပစ်ခတ်မှုဖြစ်ပြီးနောက် ရန်ကုန်-ပြည်လမ်း စစ်ကွင်းတာဆုံဂိတ်တာဝန်ကျ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေလာရောက်စစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၄ ရက်ကလည်း မင်းလှမြိုနယ်၊ ဘုရားကွင်းကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် ဦးရဲထွန်းဆိုသူဟာ နေအိမ်မှာရှိနေချိန် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။