ချောင်းဦး၊ ငါးယှန်ရွာ မီးရှို့ခံရလို့ အိမ်ခြေ ၁၃၀ ကျော်ပျက်စီး

0 12
0 12

ချောင်းဦး၊ မတ် ၂၀၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြိုနယ်၊ ငါးယှန်ကျေးရွာကို စစ်ကော်မရှင်တပ်ကမီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၁၃၀ ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

မတ်လ ၁၉ ရက်မနက် ၇ နာရီလောက်မှာ ငါးယှန်ရွာအတွင်း အင်အား ၅၀ ကျော်နဲ့အထိုင်ချထားတဲ့ စစ်ကော်မရှင်အဖွဲ့တွေက ရွာထဲကနေအိမ်တွေကိုမီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“ရွာထိပ်စာသင်ကျောင်းဘေးမှာကို အထိုင်ချထားတာရှိတယ်။ ဟန်သစ်ဆီဆိုင်ဝန်းကျင်ကအိမ်တွေကို မီးရှို့တာ။ နွေရာသီဆိုတော့ လေတွေလည်းတိုက်နေတာနဲ့ မနေ့ကတည်းကလောင်တဲ့မီးက ဒီမနက်ထိ လောင်နေတုန်း”လို့ ချောင်းဦးပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။

ငါးယှန်ကျေးရွာမှာ ၂၀၂၄ အတွင်း စစ်ကော်မရှင်စစ်ကြောင်းတွေအထိုင်လာချပြီးကတည်းက ဒေသခံတွေဟာ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြတာကြောင့် မီးရှို့ချိန်မှာ ရွာခံတွေမရှိကြဘူးလို့ ဆိုပါတယ်။

ငါးယှန်ရွာမှာ အိမ်ခြေ ၁,၀၀၀ ကျော်ရှိပြီး စစ်ကော်မရှင်တပ်သားတွေအထိုင်လာချပြီးကတည်းက ကျေးရွာနေအိမ်တွေကိုမီးရှို့တာ ၁၀ ကြိမ်ခန့်ရှိပြီဖြစ်ကာ အိမ်ခြေထက်ဝက်ကျော် မီးလောင်ပျက်စီးထားတယ်လို့ သိရပါတယ်။

မတ်လ ၁၀ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာကို စစ်ကော်မရှင်စစ်ကြောင်းဝင်သွားပြီးနောက် မီးရှို့သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးအလောင်း ၁ လောင်းတွေ့ရှိခဲ့ကာ နေအိမ် ၆ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။