လောင်စာဆီအခက်အခဲကြောင့် ထိုင်းမှာ ဆုန်ခရန်ကာလ ခရီးသွားလာမှု ကျဆင်းနိုင်ချေရှိ (နိုင်ငံတကာသတင်း)

0 3
0 3

မြေလတ်အသံ၊ မတ် ၂၀၊ ၂၀၂၆။

ထိုင်းနိုင်ငံမှာ လောင်စာဆီအခက်အခဲကြောင့် ဆုန်ခရန်ကာလ ခရီးသွားလာမှု ကျဆင်းနိုင်ချေရှိနေပြီး ကုန်ကျစရိတ်မြင့်တက်လာမှုတွေအတွက် ထိုင်း ခရီးသွားလုပ်ငန်းရှင်တွေ စိုးရိမ်ပူပန်နေကာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြတယ်လို့ Bangkok Post သတင်းဌာနမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းရဲ့ အကြံပေးပုဂ္ဂိုလ် Mr. Wasuchet Sophonsathien က “လောင်စာဆီဈေးနှုန်း မြင့်တက်မှုဟာ လာမယ့်လမှာကျရောက်မယ့် ဆုန်ခရန်အားလပ်ရက်အပေါ် ရေတိုသက်ရောက်မှု ရှိနိုင်ပါတယ်။ အချို့ခရီးသွားတွေက ပြည်နယ်ကျော်ခရီးစဉ်တွေ ကြိုတင်ဘွတ်ကင်လုပ်ထားကြပေမယ့် အများစုကတော့ ဆီဈေးနှုန်းအခြေအနေကို စောင့်ကြည့်ပြီး ယုံကြည်မှုရှိမှပဲ ခရီးသွားဖို့ ဆုံးဖြတ်ကြတော့မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လောင်စာဆီဈေးနှုန်း ဘယ်လောက်အထိ မြင့်တက်မယ်ဆိုတာ မသေချာတာကြောင့် လုပ်ငန်းရှင်အချို့အနေနဲ့ Tour Packages အသစ်တွေပြုလုပ်ဖို့ တွန့်ဆုတ်နေကြပြီး အဆိုပါအခြေအနေက ၎င်းတို့ရဲ့ အကျိုးအမြတ်ကို ထိခိုက်စေနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ခရီးသွားဈေးကွက် ကျဆင်းမှုအခြေအနေကို ကာကွယ်ဖို့အတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းအနေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ ထိုင်းဟိုတယ်များအသင်း၊ ထိုင်းခရီးသွားကိုယ်စားလှယ်များအသင်းတို့နဲ့ သင်္ကြန်ကာလဆိုင်ရာ မဟာဗျူဟာတွေကို ဆွေးနွေးဖို့ စီစဉ်နေတယ်လို့လည်း ဖော်ပြပါတယ်။

Kanchanaburi ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Ms. Nattharin Pongvittayapanu ကတော့ လုပ်ငန်းလည်ပတ်မှုစရိတ် မြင့်တက်လာတာကြောင့် အကျိုးအမြတ်နည်းပါးသွားနိုင်ပေမယ့် ခရီးသွားလုပ်ငန်းရှင်အချို့အနေနဲ့ လုပ်ငန်းကို ပုံမှန်အတိုင်း ဆက်လက်လည်ပတ်ဖို့ ဆုံးဖြတ်ထားကြပြီး အချို့ကတော့ အခြေအနေကို စောင့်ကြည့်ဖို့အတွက် ခရီးစဉ်အရေအတွက်ကို လျှော့ချထားတယ်လို့ ဆိုပါတယ်။

Sriracha Koh Si Chang ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ Ms. Nutsarai Chaijindaratana က စီရာချာနဲ့ ချွန်ပူရီဒေသတွေဟာ ဘန်ကောက်မြို့နဲ့ နီးပြီး ဆုန်ခရန်ကာလ လာရောက်လည်ပတ်သူများတာကြောင့် အခြားဝေးလံတဲ့ဒေသတွေလောက် ထိခိုက်မှုမရှိနိုင်ကြောင်း ပြောကြားခဲ့ပေမယ့် ခရီးစဉ် ကြိုတင်ဘွတ်ကင်တင်ထားတဲ့အခြေအနေကတော့ မျှော်လင့်ထားတာထက်နှေးကွေးနေပြီး ပုံမှန်နှစ်တွေမှာ ၇၀ ရာခိုင်နှုန်းခန့်ရှိသော်လည်း ယခုနှစ်မှာ ၆၀ ရာခိုင်နှုန်းသာ ရှိသေးတယ်လို့ ဆိုပါတယ်။

ဒါဟာ ထိုင်းခရီးသွားတွေအနေနဲ့ ၎င်းတို့ရဲ့ ခရီးစဉ်တွေကို ရွှေ့ဆိုင်းနေကြကြောင်း ဖော်ပြနေပြီး အရှေ့အလယ်ပိုင်းအခြေအနေတွေကြောင့် လေကြောင်းခရီးစဉ်ပြတ်တောက်မှုအချို့ရှိနေလို့ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုလည်း ကျဆင်းသွားတယ်လို့ Ms. Nutsarai က ပြောပါတယ်။

အခြေအနေတွေ ကောင်းမွန်မလာပါက ဟိုတယ်တွေအနေဖြင့် ဝန်ထမ်းတွေကို အလှည့်ကျခွင့်ပေးခြင်းနဲ့ လုပ်အားခစရိတ်ကို လျှော့ချသွားနိုင်ပေမယ့် ဈေးကွက်အခြေအနေကို ယိမ်းယိုင်မသွားစေဖို့အတွက် ဟိုတယ်အခန်းခလျှော့ချတာမျိုးတော့ ပြုလုပ်မှာမဟုတ်ကြောင်း သိရတယ်လို့ Bangkok Post က ဖော်ပြပါတယ်။

ဒါ့အပြင် ဟိုတယ်အများစုကတော့ စွမ်းအင်အခက်အခဲကာလအတွင်းမှာ လျှပ်စစ်စရိတ်လျှော့ချဖို့အတွက် ဆိုလာစွမ်းအင်ကို ပြောင်းလဲအသုံးပြုနေကြတယ်လို့လည်း သိရပါတယ်။

Source – Bangkok Post

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။