ရွှေတောင်မှာ ပျုစောထီးအဖွဲ့ဖမ်းသွားတဲ့ အမျိုးသား ၁ ဦး ၂ ရက်အကြာမှာ သေဆုံး

0 14
0 14

ရွှေတောင်၊ မတ် ၁၆၊ ၂၀၂၆ ။

ပဲခူးတိုင်းအနောက်ခြမ်း၊ ရွှေတောင်မြို့၊ ကျောင်းကြီးကွက်သစ်ရပ်ကွက်မှာနေထိုင်သူ အမျိုးသား ၁ ဦးကို စစ်ကော်မရှင်တပ်လက်အောက် ပြည်သူ့စစ်(ပျူစောထီး)တပ်ဖွဲ့တွေ ဖမ်းဆီးသွားပြီးနောက် ၂ ရက်အကြာမှာ သေဆုံးသွားခဲ့တယ်လို့ သေဆုံးသူရဲ့မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။

သေဆုံးသွားသူဟာ အသက် ၃၅ နှစ်အရွယ် ကိုအောင်ကြီးဆိုသူဖြစ်ပြီး မတ်လ ၁၂ ရက် ည ၉ နာရီခန့်မှာ ပျူစောထီးအင်အား ၇ ဦးလောက်က ၎င်းရဲ့နေအိမ်ကိုရောက်ရှိလာပြီး မေးစရာရှိတယ်ဆိုကာ ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။

” ဖမ်းသွားပြီး ၂ရက်လောက်ကြာတော့ ရဲစခန်းက မိသားစုကိုအကြောင်းလာကြားတယ်။ အစာအိမ်သွေးကြောပေါက်ပြီးဆုံးသွားလို့ အလောင်းလာပြန်ယူဖို့။ မိသားစုက အလောင်းသွားယူတာတောင်ချက်ချင်းမရဘူး ညနေလောက်မှရတာ။ မနေ့ကမှ သင်္ဂြိုဟ်လိုက်ရတာ။”လို့ မိသားစုနဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ကိုအောင်ကြီး သေဆုံးပြီဖြစ်ကြောင်းကို ရွှေတောင်မြို့မရဲစခန်းက မတ်လ ၁၄ ရက်မှာ မိသားစုဝင်တွေဆီအကြောင်းကြားခဲ့တာဖြစ်ပြီး အစာအိမ်သွေးကြောပေါက်တာကြောင့် သေဆုံးတယ်လို့ ပြောဆိုပေမယ့် အလောင်းပြန်ရချိန်မှာ မျက်နှာနဲ့ခန္ဓာကိုယ်မှာ အညိုအမဲစွဲဒဏ်ရာ၊ ဖူးယောင်ဒဏ်ရာတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

သေဆုံးသူဟာ ကျပန်းအလုပ်လုပ်ကိုင်သူဖြစ်ကာ ဖမ်းဆီးမခံရခင်အချိန်အထိ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး ရောဂါအခံကြီးကြီးမားမားရှိထားသူမဟုတ်ဘူးလို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။