ဖိုလ်ဝင်တောင်မုခ်ဝအနီး ဗုံးကြဲလို့ ပြည်သူ ၂ ဦးအပါ ၃ ဦးသေဆုံး

0 0
0 0

ယင်းမာပင်၊ မတ် ၁၃၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နဲ့ ၇ မိုင်အကွာ ဖိုလ်ဝင်တောင်ဘုရားမုခ်ဝအနီး စစ်ကော်မရှင်က ဗုံးကြဲလို့ ပြည်သူ ၂ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

မတ်လ ၁၂ ရက်မနက် ၉ နာရီခန့်မှာ စစ်ကော်မရှင်ဘက်က စက်တပ်လေထီး ၂ စီးဟာ မုခ်ဝအနီးကို ဗုံး ၂ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းဖြတ်ရင်းနဲ့ ပြည်သူတွေကောရှိနေတဲ့အချိန် ဗုံးချခံရတာ။ မြို့နယ်က တပ်ပေါင်းစုတွေသွားနေရင်းနဲ့ ချခံရတာ။ ပြည်သူ ၂ ယောက်သေတယ်။ ရဲဘော် ၁ ယောက်ကျတယ်။ ပြည်သူက ခရီးသွားပြည်သူ ဆိုင်ကယ်စီးနေရင်းနဲ့ဖြစ်သွားတာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဗုံးစထိမှန်ပြီး အသက် ၅၀ ကျော်အရွယ် ခရီးသွားအမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ အဲ့ဒီနေရာအနီးရှိနေတဲ့ အသက် ၂၀ အရွယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့၀င် ၁ ဦးတို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ခရီးသွား ၅ ဦးနဲ့ PDF အဖွဲ့ဝင် ၃ ဦးဒဏ်ရာရခဲ့ပြီး ထိခိုက်သေဆုံးသူတွေကို စစ်ကြောင်းပါ PDF အဖွဲ့ဝင်တွေက ဘေးလွတ်ရာရွှေ့ပြောင်းပြီး ဆေးကုသမှုပေးနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင်မနေ့က မနက်ပိုင်းမှာပဲစစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောင်ဘက်ခြမ်းက ကျေးရွာတရွာကို စစ်ကော်မရှင်ဘက်က စက်တပ်လေထီးနဲ့ဗုံးချခံရလို့ PDF အဖွဲ့ဝင် ၁ ဦးနဲ့ပြည်သူ ၁ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။