⁨PRAF ခေါင်းဆောင် ဘိုးတော်နီ ဖမ်းဆီးခံရမှု ယင်းမာပင်ခရိုင်ပကဖညွှန်ကြားထားတာမရှိ ဟုဆို

0 21
0 21

ယင်းမာပင်၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့တော်လှန်ရေးလက်ရုံးတပ်ဖွဲ့ – PRAF ခေါင်းဆောင် ဘိုးတော်နီ ဖမ်းဆီးခံထားရကြောင်း သတင်းတွေထွက်ပေါ်နေပြီး ယင်းမာပင်ခရိုင်ပကဖအနေနဲ့ ဘိုးတော်နီ ကို ဖမ်းဆီးဖို့ ညွှန်ကြားထားတာမရှိဘူးလို့ ခရိုင်ပကဖတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

PRAF ခေါင်းဆောင် ဘိုးတော်နီ ကို ဖေဖော်ဝါရီ ၂၇ ရက် ယမန်နေ့ညနေပိုင်းက ဖိုလ်ဝင်တောင်အနီး မင်းစုလမ်းဆုံမှာ လက်နက်ကိုင်ထားတဲ့ အရပ်ဝတ် ၂ ဦးက ဖမ်းဆီးသွားကြောင်း ဇနီးဖြစ်သူက မီဒီယာတချို့ကို ထုတ်ဖော်ပြောဆိုထားပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG စစ်ရုံးအမိန့်ဆိုကာ ဖမ်းဆီးသွားကြောင်း ဖော်ပြမှုတွေရှိပေမယ့် ဘိုးတော်နီကို ဖမ်းဆီးဖို့ ယင်းမာပင်ခရိုင်ပကဖရဲ့ ညွှန်ကြားထားမှုမရှိကြောင်း ခရိုင်ပကဖတာဝန်ခံက ဆိုပါတယ်။

“ (ခရိုင်)ပကဖအနေနဲ့ကတော့ မြို့နယ်ပကဖရော ခရိုင်ပကဖရော ဘယ်သူမှညွှန်ကြားချက်ပေးမထားဘူး၊ ကျန်တဲ့ PDFတပ်ရင်းတွေကိုတော့ မသိဘူး။ ပကဖတွေကိုတော့ ဖမ်းဆီးဖို့ရာ တာဝန်ပေးထားတာ မရှိဘူး” လို့ ယင်းမာပင်ခရိုင် ပကဖတာဝန်ခံက ပြောပါတယ်။

ယင်းမာခရိုင်ပကဖအပါ မြို့နယ်ပကဖတွေအနေနဲ့ PRAF ခေါင်းဆောင် ဘိုးတော်နီ(ခ)ဗထူးကို ဖမ်းဆီးထိန်းသိမ်းထားတာမရှိကြောင်း၊ ဖမ်းဆီးသွားတဲ့အဖွဲ့အစည်းကိုလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သူက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ PRAF ခေါင်းဆောင် ဘိုးတော်နီ ရဲ့ မိသားစုဝင်တွေကို မြေလတ်အသံက ဆက်သွယ်ဖို့ကြိုးစားနေပေမယ့် အဆက်အသွယ်မရသေးပါဘူး။

ပြည်သူ့တော်လှန်ရေးလက်ရုံးတပ်ဖွဲ့ – PRAF ဟာ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအပါအဝင် ယင်းမာပင်ခရိုင် တပ်ရင်းတွေနဲ့လည်း စစ်ရေးပူးပေါင်းလုပ်ဆောင်တာတွေရှိတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။