19 February 2026 9:03 PM

ဗိုလ်နဂါးလက်နက်ချအပြီး ယင်းမာပင်ခရိုင်အတွင်း စစ်တပ်ကအင်အားဖြည့် စစ်ကြောင်းထိုးနေ

0 0
0 0

ယင်းမာပင်၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှာ စစ်ကော်မရှင်တပ်က လေကြောင်းနဲ့ ရေကြောင်းကို အဓိကအသုံးပြုပြီး တပ်အင်အားတိုးချထားတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့၀င်တဦးဆီက သိရပါတယ်။

BNRA ခေါင်းဆောင် ဗိုလ်နဂါး စစ်ကော်မရှင်တပ်ဆီလက်နက်ချပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းကစလို့ ပုလဲမြို့ထဲကို Mi 17 စစ်ရဟတ်ယာဉ်နဲ့ ၈ ကြိမ် အင်အားလာချခဲ့တယ်လို့ ဆိုပါတယ်။

“ပုလဲချတာ၊ ပုလဲကနေ ချတဲ့ကောင်တွေ အနောက်ကို ထွက်လာပြီ၊ ရဟတ်ယာဉ် ၈ စီးချတာ၊ ၈ စီးဆိုပေမယ့် နည်းနည်းချင်းချတာ၊ ၁၂၀ လောက်ပဲရှိတာ။” လို့ အထက်ပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ယင်းမာပင်ခရိုင်ထဲက ဆားလင်းကြီးမြို့နယ်မှာလည်း ဒီကနေ့မနက် အစောပိုင်းမှာ ညောင်ပင်ကြီးကျေးရွာ ဇက်ဆိပ်မှတဆင့် စစ်ကား ၅ စီးနဲ့ အင်အားဖြည့်လာပြီး ဝမ်ပေါင်ကုမ္ပဏီဝန်းအတွင်း ဝင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ညနေအထိ ယင်းမာပင်ခရိုင်ထဲက ဆားလင်းကြီးနဲ့ ပုလဲမြို့နယ်တွေကို စစ်ကော်မရှင်တပ်က စုစုပေါင်းအင်အား ၃၀၀ ထက်မနည်း တိုးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် တရုတ်ပိုင် ယန်စီကုမ္ပဏီမှာ အရင်တပ်စွဲနေတဲ့ စစ်ကော်မရှင်စစ်ကြောင်းကလည်း ဒီကနေ့ မနက်ပိုင်းကစတင်ကာ ယင်းမာပင်မြို့နယ်၊ တယ်ပင်ကန်ရွာနဲ့ ရာဇကျော်ရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

BNRA အခြေစိုက်ရာ ပုလဲမြို့နယ်မှာတော့ ပုလဲမြို့က ထွက်လာတဲ့ အင်အား ၂၀၀ ပါစစ်ကြောင်းက မြကုန်းနဲ့ ကုက္ကိုကုန်းရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။

အခုလို စစ်ကော်မရှင်တပ်က အင်အားသုံးစစ်ကြောင်းထိုးနေတာကြောင့် ပုလဲနဲ့ ယင်းမာပင်မြို့နယ်တွေက ကျေးရွာ ၅ ရွာထက်မနည်းက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။