နတ်တလင်းမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က နေအိမ် ၃၀ ကျော်ကိုမီးရှို့

0 4
0 4

နတ်တလင်း၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကော်မရှင်တပ်က နေအိမ် ၃၀ ကျော်မီးရှို့ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၁ တာဝန်ရှိသူတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်ညနေ ၄ နာရီခန့်မှာ တောင်ညိုကွက်သစ်စခန်းကလာတဲ့ အင်အား ၁၅၀ ကျော်ပါစစ်ကြောင်းက ညောင်လှရွာက နေအိမ်တွေကိုမီးရှို့ချိန် ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ကာ အဲ့ဒီနောက်မှာ ရွာချင်းဆက်နေတဲ့ရွာသာယာရွာကို ထပ်မံဝင်ရောက်မီးရှို့ပြီး တပ်စွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၃ ရက်မနက် ၉ နာရီခန့်မှာ စစ်ကြောင်းက ကွင်းစမ်းကျေးရွာကို ဝင်ရောက်မီးရှို့နေရာက ညနေ ၅ နာရီခန့်မှာ ကာကွယ်ရေးတပ်တွေနဲ့ ထပ်မံတိုက်ပွဲဖြစ်ပြီးနောက် တောင်ညိုကွက်သစ်ရဲစခန်းကို ပြန်ဆုတ်ခွာသွားကြတယ်လို့ ဆိုပါတယ်။

“စျေးတန်းကအိမ်တွေကို အရင်ဆုံးရှို့ပြီး တိုက်ပွဲတွေကတဆင့်ချင်းဖြစ်သွားပြီးတော့ စစ်ကောင်စီဘက်ရှေ့တိုးသွားတယ်။ PDF ကင်းတွေက နောက်ဆုတ်ပေးလိုက်ရတာဖြစ်တဲ့အတွက် ရွာသာယာကို ရှို့တာ။ နောက်နေ့ကွင်းစမ်းကိုဝင်ပြီး မီးထပ်ရှို့တယ်။ ပြောရရင် ပထမရက်တိုက်ပွဲဖြစ်ပြီး တဆင့်စီရှို့ပြီး ရှေ့တိုးသွားတာ။ ကွင်းစမ်းရှို့ပြီး တနေကုန်ထားလိုက်ပြီးတော့ PDF တပ်ပေါင်းစုနဲ့ ပိတ်ဆို့တိုက်တာ တန်းပြီးဆုတ်ခွာထွက်ပြေးရတာ”လို့ သာယာဝတီခရိုင်တပ်ရင်း ၁ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းမီးရှို့လို့ ညောင်လှကျေးရွာကနေအိမ် ၁၅ လုံး၊ ရွာသာယာကျေးရွာကနေအိမ် ၇ လုံး၊ ကွင်းစမ်းကျေးရွာကနေအိမ် ၉ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ညောင်လှကျေးရွာတိုက်ပွဲမှာတော့ နှစ်ဖက်ထိခိုက်မရှိခဲ့ဘဲ ကွင်းစမ်းကျေးရွာတိုက်ပွဲမှာတော့ စစ်ကောာ်မရှင်ဘက်က ၅ ဦးသေဆုံးကာ ပြန်မသယ်နိုင်ဘဲထားခဲ့တဲ့ အလောင်း ၂ လောင်းတွေ့ရပြီး သေနတ် ၁ လက်သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သာယာဝတီခရိုင်တပ်ရင်း တပ်ခွဲ ၅ က တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး တပ်ခွဲ ၁ က တပ်ဖွဲ့ဝင် ၁ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်ကလည်း နတ်တလင်းမြို့နယ်၊ အိမ်သုံးဆယ်ကျေးရွာနဲ့ ဘန်ကောက်တန်းကျေးရွာကို မီးရှို့ခဲ့ရာ နေအိမ် ၅၀ ကျော်မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။