နတ်တလင်းမှာ နေအိမ် ၅၀ ကျော်ကို စစ်တပ်ကမီးရှို့

0 7
0 7

နတ်တလင်း၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်ကော်မရှင်စစ်ကြောင်းက မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့လယ် ၁၂ နာရီခန့်မှာ မင်းဘူးကျွန်း ပျူစောထီးစခန်းကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးပူးပေါင်းအင်အား ၆၀ ကျော်ပါတဲ့စစ်ကြောင်းက အိမ်သုံးဆယ်ရွာကို မီးရှို့ပြီးနောက် ဘန်ကောက်တန်းကျေးရွာကို ထပ်မံမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

“အိမ်သုံးဆယ်ဆိုတဲ့ရွာတန်းလေးက အိမ် ၃ လုံးကိုအရင်ရှို့ပြီးတောာ့ ပြန်ဆုတ်သွားတယ်။ ပြန်ဆုတ်သွားတဲ့ဟာက ပျူရွာ မင်းဘူးကျွန်းပေါ့။ အဲ့ဘေးမှာ ဥယျဥ်စုရွာရှိတယ်။ ဥယျာဥ်စုရွာရဲ့ဘေးက ဘန်ကောက်တန်းကို ၁ တန်းလုံးရှို့သွားတယ်။ ကျနော်လှမ်းကြည့်တာတော့ အတန်းလိုက်ဖြစ်တော့ ၁ ရွာလုံးကုန်တဲ့သဘောရှိမယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

မီးရှို့တာကြောင့် အိမ်သုံးဆယ်ကျေးရွာက နေအိမ် ၃ လုံး၊ ဘန်ကောက်တန်းကျေးရွာက အိမ်ခြေ ၅၀ နီးပါး မီးလောင်ပျက်စီးနိုင်ပြီး စစ်ကြောင်းက အဲ့ဒီညနေပိုင်းကနေ ဖေဖော်ဝါရီ ၁၀ ရက်မနက်ပိုင်းထိ ဒမငယ်ရွာမှာရှိနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၇ ရက်မှာလည်း တောင်ညိုဆည်အနီး ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ကာ PDF ၁ ဦးကျဆုံးခဲ့တယ်လို့ သူကပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်ကထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မြေလတ်အသံက အတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် ဖေဖော်ဝါရီ ၆ ရက်မနက် ၈ နာရီခန့်မှာလည်း နတ်တလင်းမြို့နယ်၊ ကျေးရွာ ၁ ရွာအပြင်ဘက်ရှိ PDF ကင်းစခန်းအဖြစ်ပြုလုပ်ထားတဲ့နေအိမ်ပေါ်ကို စစ်ကော်မရှင်တပ်တွေပစ်ခတ်တဲ့ ဒရုန်းဗုံးတွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် PDF တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့ပါသေးတယ်။

လက်ရှိ စစ်ကော်မရှင်စစ်ကြောင်းတွေမီးဝင်ရှို့နေတဲ့ ကျေးရွာတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်း စစ်ကြောင်းဝင်ခဲ့တာတွေကြောင့် ထွက်ပြေးနေရတဲ့ကျေးရွာတွေဖြစ်ပြီး ဒေသခံတွေမှာ နေရပ်မပြန်ကြရသေးဘူးလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်အထိ နတ်တလင်းမြို့နယ် ဒမငယ်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပြီးနောက် ဒမငယ်ကျေးရွာက အိမ်ခြေ ၅၀၀ ကျော်မီးရှို့ဖျက်ဆီးခံထားရကာ အနီးအနားကျေးရွာတွေဖြစ်တဲ့ ဥယျာဥ်စု၊ ဘန်ကောက်တန်း၊ အိမ်သုံးဆယ်၊ ဒမငယ်ကျေးရွာတွေအပါအဝင် ကျေးရွာ ၇ လောက်ကပြည်သူ ၅,၀၀၀ ကျော်ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။