ခလရ ၂၅၃ ကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ဦး ကာကွယ်ရေးတပ်ဖွဲ့ဆီဘက်ပြောင်းခိုလှုံ

0 1
0 1

မကွေး၊ ဇန်နဝါရီ ၂၈၊ ၂၀၂၅။

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အခြေစိုက် ခလရ ၂၅၃ ကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂ ဦး ဒေါင်းစစ်အောင် Local PDF တပ်ဖွဲ့ဝင်တွေနဲ့တွေ့ပြီး ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီကသိရပါတယ်။

အသက် ၂၅ နှစ်အရွယ် စစ်ကောင်စီတပ်သား ကျော်ရဲလင်းနဲ့ အသက် ၂၂ အရွယ် တပ်သားနေလင်းတို့ဟာ ဇန်နဝါရီ ၂၄ ရက်ညမှာ ခလရ ၂၅၃ တပ်ထဲကထွက်ပြေးလာခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့တွေ့ခဲ့ကြတာလို့ ဆိုပါတယ်။

“သူတို့ ၂ ဦးက ခလရ ၂၅၃ တပ်ထဲကဝင်လာတာဗျ။ သင်တန်းအပတ်စဉ်လည်းအတူတူပဲပြောတယ်ဗျ၊ ဆက်သွယ်ပြီးအလင်းဝင်လာတာတော့မဟုတ်ဘူး၊ တပ်ထဲမှာ ဖုန်းသုံးရင်းနဲ့အလင်းဝင်ရတဲ့ ဌာနတွေကိုတွေ့တာလည်းဖြစ်တယ်၊ သူတို့ တပ်ထဲကနေထွက်ပြေးလာတာ၊ ၂ ညအိပ်ပြီး ကျနော်တို့ရဲ့ ဒေါင်းစစ်အောင် Local PDF ရဲ့ ပွိုင့်တွေနဲ့တွေ့ပြီး စောင့်ကြိုခေါ်ယူလာခဲ့တာ” လို့ ဒေါင်းစစ်အောင် Local PDF အဖွဲ့တာဝန်ခံ ကိုထူးလေးက ပြောပါတယ်။

တပ်သားကျော်ရဲလင်းဟာ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ သူဌေးကုန်းရွာဇာတိဖြစ်ပြီး ၂၀၂၄ ဧပြီမှာ စစ်မှုထမ်းမဲပေါက်တဲ့အတွက် နေအိမ်ကတိမ်းရှောင်ခဲ့ပေမယ့် ၃ လအကြာ ဇူလိုင်လမှာ အိမ်ကိုပြန်လာချိန် အဖမ်းခံခဲ့ရတာပါ။

မအူပင်ထောင်မှာ ထောင် ၁ လကျခဲ့ပြီးနောက် မအူပင် ၂၇ တပ်စုဆောင်းရေးမှာ ၂၅ ရက်ကြာနေခဲ့ရတယ်လို့ဆိုပါတယ်။ အဲ့ဒီနောက် စက်တင်ဘာ ၉ ရက်ကစတင်ကာ စစ်သင်တန်း အပတ်စဥ် ၅ ကို နေပြည်တော် မိုးဆွေသင်တန်းရုံး မှာ ၃ လတက်ခဲ့ပြီး ဒီဇင်ဘာလမှာ ခလရ ၂၅၃ တပ်ထဲကို ရောက်ခဲ့တာလို့ သူကပြောပါတယ်။

“တပ်ထဲကထွက်ပြေးရတာက အဲ့ဒီမှာနေရတာမပျော်ဘူး၊ ကိုယ့်ဘက်က နည်းနည်းလေးမှားတာနဲ့ တုတ်နဲ့ရိုက်တယ်၊ ပါးတွေနားတွေရိုက်တယ်၊ ပထမတော့ ရှေ့တန်းတွေထွက်ရင် လမ်းမှာထွက်ပြေးမယ်လို့စဉ်းစားတာ၊ နောက်ကျတော့ ကျနော့်သူငယ်ချင်း (တပ်သားနေလင်း) နဲ့တိုင်ပင်ပြီး ညတွင်းချင်းပြေးလာခဲ့တယ်” လို့ တပ်သားကျော်ရဲလင်းကပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီရောက်တဲ့အခါမှာလည်း စစ်တပ်ထဲမှာနေရာတဲ့အခြေအနေနဲ့ ကွာခြားမှုတွေရှိတာကိုသိလာခဲ့ကာ ကာကွယ်ရေးတပ်ဖွဲ့မှာပဲနေပြီး စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်သွားမယ် လို့ သူက ဆက်ပြောပါတယ်။

“ကွာခြားမှုကအများကြီးပါ၊ ဒီမှာကတော့ အစစအရာရာ အေးအေးဆေးဆေးနေရတယ်၊ တပ်ထဲမှာက စစ်ဆင်ရေး မထွက်ရရင်အလုပ်တွေလုပ်ရတယ်၊ အလုပ်လုပ်လို့အဆင်မပြေရင် အပြောခံအရိုက်ခံ ရတယ်၊ တပ်ထဲမှာတော့ အချုပ်အနှောင်များတယ်၊ ကျနော့်နယ်ဘက်က ကာကွယ်ရေးအဖွဲ့ထဲမှာနေပြီး စစ်ကောင်စီကို ပြန်တော်လှန်သွားချင်တယ်”လို့ သူက ဆိုပါတယ်။

အလားတူ တပ်သားနေလင်းကလည်း ပဲခူးတိုင်း၊ ပေါင်းတည်းမြို့နယ်ကဖြစ်ပြီး ဇူလိုင်လပိုင်းမှာ ပေါင်းတည်မြို့နယ်မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အဓမ္မဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

၁၀ ရက်ဝန်းကျင်ထောင်ကျပြီး ပြန်လွတ်လာချိန်မှာ ဧရာဝတီတိုင်းဘက်ကိုထွက်ပြေးခဲ့ပေမယ့် အဲ့ဒီမှာပြန်လည်ဖမ်းဆီးခံခဲ့ရပြီးနောက် စစ်သင်တန်းကိုရောက်ခဲ့တာလို့ တပ်သားနေလင်းက ပြောပါတယ်။

စက်တင်ဘာ ၉ ရက်ကစပြီး ရန်ကုန်တိုင်း ရဲမွန်အရာရှိသင်တန်းကျောင်းမှာ စစ်သင်တန်းအပတ်စဥ် ၅ ကို တက်ခဲ့ရကာ ဒီဇင်ဘာ ၉ ရက်မှာ စလင်းမြို့ ခလရ ၂၅၃ ကို ပို့ဆောင်ခံခဲ့ရတာဖြစ်ပါတယ်။

ခလရ ၂၅၃ ကိုရောက်တဲ့အချိန်မှာ တပ်သားကျော်ရဲလင်းနဲ့တွေ့ဆုံတိုင်ပင်ကာ ခုလိုထွက်ပြေးလာခဲ့ကြတာလို့ တပ်သားနေလင်းက ပြောပါတယ်။

“ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်ရွာကျော်ပြီး PDF တွေဆီရောက်လာတာ၊ သူငယ်ချင်း ၂ ဦးလမ်းလျှောက်ရင်းနဲ့ အမကြီး ၁ ဦး၊ အကိုကြီး ၁ ဦးနဲ့တွေ့တာ၊ ကျနော်တို့ကအစက စစ်သားတွေ အောက်မေ့ပြီးလိမ်သေးတာ၊ အမကြီးတို့ကဘယ်ကလည်း ကျနော်ကမေးတော့ PDF အဖွဲ့ကလို့ ပြောတာ‌ကြောင့် ကျနော်ဖြစ်စဉ်ပြောပြပြီး သူတို့ထဲဝင်ခဲ့တာပါ”လို့ ဆိုပါတယ်။

ထွက်ပြေးလာချိန်မှာ လက်နက်ခဲယမ်းတွေမပါလာဘဲ လက်ရှိမှာ သူတို့ ၂ ဦးကို ဒေါင်းစစ်အောင်တပ်ဖွဲ့ စခန်းမှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဒေါင်းစစ်အောင် Local PDF တာဝန်ခံကိုထူးလေးက ပြောပါတယ်။

“သူတို့လက်နတ်ခဲယမ်းတွေမပါခဲ့ဘူးဗျ၊ သူတို့တပ်တွင်းအကြီးပိုင်းတွေကလည်း ပြေးလို့ရှိရင်ပြေး လက်နတ်ယူမသွားနဲ့ အဲ့လိုပြောတယ်လို့ ထွက်ပြေးလာသူ ၂ ဦးကပြောတယ်၊ လက်နတ်ယူသွားလို့ ဖမ်းလို့မိရင်အသေပစ်သတ်မယ် (ပြောလို့)လက်နတ်တွေပါမလာဘူး” လို့ ဆိုပါတယ်။

ဒါ့အပြင် မိသားစုတွေနဲ့လည်း ဆက်သွယ်ခွင့်ပေးထားသလို သူတို့သွားချင်တဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေရှိရင်လည်း ချိတ်ဆက်သွားလာဖို့ ခွင့်ပြုထားတယ်လို့ တာဝန်ခံကိုထူးလေးက ပြောပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းမှာ အခြေစိုက်တဲ့ ဒေါင်းစစ်အောင် Local PDF ဆီကို အလင်းဝင်လာသူ စုစုပေါင်း ၆ ဦးရှိပြီလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။