စစ်ရှောင်တွေ လုပ်ကိုင်တဲ့ ရွှေမျောလုပ်ကွက်တချို့ လေကြောင်းကြဲခံရ တဦးသေဆုံး

0 1
0 1

စစ်ကိုင်း၊ ဇန်နဝါရီ ၂၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်နဲ့ ဖောင်းပြင်မြို့နယ်စပ်က စစ်ဘေးရှောင်တွေ လုပ်ကိုင်တဲ့ ရွှေမျောလုပ်ကွက်တချို့ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂၈ ရက် မနေ့ နေ့လယ် ၁၁ နာရီခွဲခန့်က ဟုမ္မလင်းက တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဟုမ္မလင်းမြို့နယ်၊ အိုးဘိုကတောက်ရွာနဲ့ နန်းစက်ရွာက ရွှေမျောတွေကို ၈၁ ဗုံးသီးနဲ့ ကြဲချခဲ့တာကြောင့် ရွှေမျောလုပ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ဘေးရှောင်လာတဲ့ စစ်ဘေးရှောင်တွေပေါ့လေ။ အဲ့မှာ ရွှေမျောလုပ်ကိုင်ကြတာ၊ တအားစည်နေတာ၊ အဲ့နေရာကိုချတာ။ အဲ့ဒါကတော့ ဖောင်းပြင်နဲ့ ဟုမ္မလင်းနယ်စပ်ပေါ့လေ။ နန်းစက်ကကျတော့၊ ပြီးရင် အိုးဘိုကတောက်ကတော့ ဟုမ္မလင်းဘက်ခြမ်း၊ ပြီးရင် ရွှေပြည်အေးနားက မြင်ငါး အဲ့မှာလည်း ချသွားတယ်။ မနေ့က ၁ ရက်ထဲကို ၂ ကြိမ်ချတာ။”လို့ ဟုမ္မလင်းဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကြဲချတဲ့ ဗုံးသီးစထိမှန်လို့ ကနီမြို့နယ်၊ နတ်လာဘို့ကျေးရွာဇာတိက အသက် ၂၈ နှစ်အရွယ် ကိုထွန်းနိုင်ဝင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ ၁၁ နာရီခွဲကျော်မှာတော့ ဟုမ္မလင်းက တက်လာတဲ့ နောက်ထပ်ဂျက်ဖိုက်တာ ၁ စီးနဲ့ ဖောင်းပြင်မြို့နယ်၊ နတ်စက်ကျေးရွာက ရွှေမှော်ထဲကို ဗုံးသီး ၁၀ လုံး ကြဲချခဲ့တာကြောင့် အသက် ၁၈နှစ်ကနေ ၅၀ကြား ရွှေမျောလုပ်သား ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇန်နဝါရီ ၁၆ ရက်ကနေ ၂၆ ရက်ထိ ၁၀ရက်တာအတွင်း မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲကမှာ ပြည်သူ ၃၀ နီးပါး သေဆုံးထားတာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။