စစ်အုပ်စုကို တိုက်ခိုက်ချိန် အပြန်အလှန်ပစ်ခတ်ရာက PDF တပ်စုမှူးနဲ့ ရဲဘော်တဦး သေဆုံး

0 1
0 1

မကွေး၊ ဇွန် ၁၆၊ ၂၀၂၃။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အုန်းတွဲရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ချိန် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် Yaw Revolution Army – ထီးလင်းအဖွဲ့မှ တပ်စုမှူးနဲ့ ရဲဘော်တဦး သေဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။

ဇွန်လ ၁၅ ရက် မနေ့ကညနေ ၂ နာရီလောက်က အထက်ပါစစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်နေချိန်အတွင်း အသက် ၁၈ နှစ်အရွယ် တပ်စုမှူးဝေယံလင်းနဲ့ တပ်သား ဝင်းကိုနိုင်တို့ သေဆုံးခဲ့တာပါ။

“သူတို့ (စစ်ကောင်စီ)ကို ချောင်းမြောင်းပစ်ခတ်ဖို့ ရွာအနားထိ ချဉ်းကပ်ကြတာ၊ သူတို့ကင်းပုန်းနဲ့ သွားတွေ့တာ၊ သတင်းကြိုရသွားပုံရတယ်၊ နောက်ကနေလည်း ပတ်ပြီးတော့ ဝိုင်းပစ်တာခံခဲ့ရတယ်၊ ကျနော်တို့ဘက်က ရဲဘော် ၂ ယောက်သေဆုံးပြီး M4 သေနတ် ၁ လက်ပါသွားခဲ့တယ်” လို့ Yaw Revolution Army – ထီးလင်း ခေါင်းဆောင်သခင်ဇော်က အတည်ပြုပြောပါတယ်။

YRA – ထီးလင်း အပါအဝင် ဂန့်ဂေါခရိုင်တပ်ရင်း ၁၅၊ ၁၆၊ ၁၇ နဲ့ မဟာမိတ် KKG ပူးပေါင်းတပ်ဖွဲ့တွေ၊ ရပ်ကျေးပကဖ အဖွဲ့တချို့ပါ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး နောက်ထပ် ပကဖ ရဲဘော်တဦးနဲ့ YRA – ထီးလင်းက ရဲဘော်တဦးလည်း ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကာ ရဲဘော်တဦးလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ သေဆုံးရဲဘော်တွေရဲ့အလောင်းကိုတော့ ပြန်မရခဲ့ပါဘူး။

“မနေ့ကညမှ စစ်ကောစီက သင်္ဂြိုဟ်သွားတယ်လို့ သိရတယ်၊ သေဆုံးသွားတဲ့ရဲဘော်တွေရဲ့ ဈာပနအခမ်းအနားကိုတော့ အကျဉ်းချုပ်ပဲ လုပ်ဖို့အစီအစဉ်ရှိပါတယ်၊” လို့ သခင်ဇော်က ဆက်ပြောပါတယ်။

အုန်းတွဲရွာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ပဲခူးအခြေစိုက် တမခ ၇၇ နဲ့ မင်းတပ်အခြေစိုက် ခလရ ၂၇၄ ကလို့ ယူဆရပြီး နယ်ခံပျူစောထီးတွေအပါအဝင် အင်အား ၁၅၀ နီးပါးရှိကာ လက်ရှိမှာတော့ တချို့တဝက်က ထီးလင်းမြို့ပေါ်ကို တက်သွားကြတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။