myaelatt athan

Sharing Information to the Local

ယနေ့ည ကြည့်ရှုရမည့် ဗိုလ်လုပွဲ ၂ ပွဲ (အားကစားသတင်း)

0
0

မြေလတ်အသံ၊ ဇူလိုင် ၁၄၊ ၂၀၂၄။

ယနေ့ည ဇူလိုင် ၁၅ ရက် မြန်မာစံတော်ချိန် မနက် ၁ နာရီ ၃၀ မိနစ်မှာ ယူရို ၂၀၂၄ ဗိုလ်လုပွဲနဲ့ မနက် ၆ နာရီ ၃၀ မိနစ်မှာ ကိုပါအမေရိက ဗိုလ်လုပွဲ တို့ ကျင်းပသွားမှာဖြစ်ပါတယ်။

ယူရို ၂၀၂၄ ကတော့ ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေပြီး ဗိုလ်လုပွဲကို ဘာလင်မြို့၊ အိုလံပီယာကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီဗိုလ်လုပွဲမှာတော့ စပိန်အသင်းနဲ့ အင်္ဂလန်အသင်းတို့ တွေ့ဆုံမှာဖြစ်ပြီး ပွဲစဉ်တလျှောက် အကောင်းဆုံး စွမ်းဆောင်ရည်တွေပြသနိုင်ခဲ့တဲ့ စပိန်အသင်းက ဗိုလ်စွဲဖို့ ရေပန်းစားနေကာ တဖက်မှာလည်း ကစားသမားကောင်းများစွာ ပိုင်ဆိုင်ထားတဲ့ အင်္ဂလန်အသင်းရဲ့ ပွဲစဉ်တလျှောက် အကောင်းဆုံးယှဉ်ပြိုင်ကျော်ဖြတ်ခဲ့တဲ့ စွမ်းဆောင်ရည်ကို မေ့ထားလို့မရပါဘူး။ 

ယူရိုပွဲစဉ်တလျှောက် ပွဲတိုင်းကို အနိုင်ကစားနိုင်ခဲ့တဲ့ စပိန်အသင်းဟာ လူငယ်ကစားသမားတွေဖြစ်တဲ့ လာမိုင်းယာမဲလ်၊ အော်လမို၊ နီကိုးလ်ဝီလီယံတို့အပါအဝင် ဝါရင့်ကစားသမားတွေဖြစ်တဲ့ ကာဗာဟဲ၊ ရိုဒရီ၊ မိုရာတာတို့နဲ့အတူ ခြေစွမ်းကောင်းပြသနေတဲ့အသင်းဖြစ်ကာ အော်လမိုက ၃ ဂိုးသွင်း ၂ ဂိုးဖန်တီးထားကာ ယာမဲလ်ကတော့ ၁ ဂိုးသွင်း ၃ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းကတော့ ပွဲစဉ်တလျှောက် ခြေစွမ်းပြနိုင်ခြင်းသိပ်မရှိပေမယ့် ကိုဘီမိုင်နူး၊ ဖိုဒန်၊ ဆာကာ၊ ဘယ်လင်ဂမ်၊ အာနိုး၊ ဟာရီကိန်းအစရှိတဲ့ကစားသများကောင်းများစွာ ပါဝင်နေတဲ့အသင်းဖြစ်ပြီး ယူရိုပွဲစဉ်တလျှောက် ၄ ပွဲနိုင်(ပင်နယ်တီဖြင့် ၁ ပွဲ) ၂ ပွဲသရေကျထားတဲ့အသင်းဖြစ်ပါတယ်။ 

ကိုပါအမေရိကပြိုင်ပွဲကိုတော့ US က အိမ်ရှင်အဖြစ်ကျင်းပနေတာဖြစ်ပြီး ဗိုလ်လုပွဲကို ဖလော်ရီဒါက Hard Rock ကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီဗိုလ်လုပွဲမှာတော့ အာဂျင်တီးနားနဲ့ ကိုလံဘီယာအသင်းတို့ တွေ့ဆုံမှာဖြစ်ပြီး လက်ရှိကမ္ဘာ့ဖလားချန်ပီယံဖြစ်တဲ့ အာဂျင်တီးနားအသင်းက ဗိုလ်စွဲဖို့ ရေပန်းစားနေသလို တဖက်မှာလည်း အုပ်စုအဆင့်မှာ ဘရာဇီးအသင်းကို နောက်ကောက်ချနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာ ဥရုဂွေးလိုမျိုးအသင်းကို ကျော်ဖြတ်ပြနိုင်ခဲ့တဲ့ ကိုလံဘီယာအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ပွဲစဉ်တလျှောက် ၅ ပွဲလုံးအနိုင်ရ(ပင်နယ်တီဖြင့် ၁ ပွဲ)ထားပြီး ကစားသမားစုဖွဲ့မှုအားကောင်းကောင်းနဲ့ ပုံမှန်ခြေစွမ်းပြသထားနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး မာတီနက်ဇ်၊ အယ်ဗာရက်ဇ်၊ မက်ဆီနဲ့ မက်အယ်လစ္စတာတို့ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ဂိုးသမား အီမီ မာတီနက်ဇ်ရဲ့ စွမ်းဆောင်ရည်တွေကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

ကိုလံဘီယာအသင်းကတော့ ဘယ်သူမှထင်မှတ်မထားဘဲ ဗိုလ်လုပွဲအဆင့်အထိ ရောက်ရှိလာအောင် စွမ်းဆောင်ပြနိုင်ခဲ့တာဖြစ်ပြီး ဘရာဇီးနဲ့ ၁ ပွဲသာ သရေကျတာကာ အခြားပွဲတွေမှာ အနိုင်ရရှိခဲ့တဲ့အပြင် အာဂျင်တီးနားထက် သွင်းဂိုးပိုမို ရရှိထားတဲ့အသင်းဖြစ်ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားနဲ့အတူ တောက်ပခဲ့တဲ့ ရီးရဲမက်ဒရစ်ကစားသမားဟောင်း ဟားမက်စ် ရိုဒရီဂွတ် ခြေစွမ်းကောင်းတွေရရှိနေပြီး သူနဲ့ လူးဝစ်ဇ် ဒီးယက်ဇ်တို့အပြင် တသင်းလုံးရဲ့ စွမ်းဆောင်ရည်ကို ဆက်လက်စောင့်ကြည့်ရမယ့် ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။

မြေလတ်အသံပရိသတ်တွေအနေနဲ့လည်း ယူရို ၂၀၂၄ နဲ့ ကိုပါအမေရိက ပြိုင်ပွဲတွေမှာ ဘယ်အသင်းတွေ ဗိုလ်စွဲသွားမလဲဆိုတာကို ဝင်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

Photo – UEFA Euro, Copa America

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။