မင်းတုန်းမှာ စစ်ကြောင်းထိုးပစ်ခတ်လို့ နေအိမ် ၂၀၀ နီးပါးမီးလောင်ပြီး အမျိုးသား ၁ ဦးသေဆုံး

0 39
0 39

မင်းတုန်း၊ ဇန်နဝါရီ ၃၀၊ ၂၀၂၆။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေစစ်ကြောင်းထိုးကာ နေအိမ် ၂၀၀ နီးပါးကိုမီးရှို့ပြီး အမျိုးသား ၁ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း ၄ က ဇန်နဝါရီ ၃၀ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၇ ရက်ကနေ ဇန်နဝါရီ ၂၉ ရက်အထိ အင်အား ၁၅၀ ခန့်ပါစစ်ကြောင်းက ကြပ်ကြီး၊ မဲဇလီ၊ သရက်အုပ်၊ ထိန်ကိုင်း၊ ထန်းလေးပင်၊ ပြောင်း၊ သီးပင်ကုန်း၊ ဝက်ကော်၊ သဖန်ရောင်၊ ထန်းပင်ကုန်း၊ ထန်းလေးပင်၊ တမာ၊ ကင်းမွန်တောင့်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျေးရွာတွေကို စစ်ကြောင်းထိုးတဲ့အချိန်မှာ ပျက်စီးစေလိုတဲ့ရည်ရွယ်ချက်နဲ့ မီးရှို့တာ။ သူတို့က စစ်ကြောင်းဝင်လာပြီဆိုတာနဲ့ အဲဒီရွာ ၁ ရွာမှာရှိတဲ့ ပစ္စည်းတွေကိုယူတယ်။ အဲဒီမှာ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ပြီးဆို မီးရှို့တယ် အဲ့လိုပုံစံမျိုး။ သူတို့အထိနာပြီဆို ရှို့တယ်။ အချို့ရွာတွေက ပစ္စည်းယူပြီးပြန်ထွက်တာမျိုးရှိတယ်”လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ ထန်းလေးပင်ရွာကို ဇန်နဝါရီ ၂၂ ရက်ညနေပိုင်းမှာ ၁ ကြိမ်၊ ဇန်နဝါရီ ၂၅ ရက်မနက်ပိုင်းမှာ ၁ ကြိမ် မီးရှို့ခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်မှာ ဝက်ကော်ရွာက နေအိမ်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၂ ရက်မှာပဲ သီးပင်ကုန်းကျေးရွာကို ဝင်ရောက်လာတဲ့စစ်ကြောင်းဟာ ရွာခံ ၂၀ ခန့်ကို ဖမ်းဆီးပြီး ဘုန်းကျောင်းမှာဖမ်းထားစဥ် အသက် ၄၀ ကျော်အရွယ် ကိုမှင်ဆိုသူကိုလည်း ရိုက်နှက်နှိပ်စက်ရာက သေဆုံးခဲ့တယ်လို့ ကိုမြတ်က ဆက်ပြောပါတယ်။

“ကျေးရွာကို ဝင်တဲ့အခါမှ မထွက်ပြေးတဲ့ဒေသခံအချို့ကိုဖမ်းတယ်။ ကြိုးတုပ်တယ်။ ထိပ်တုံးခတ်ပြီး ရိုက်နှက်နှိပ်စက်တဲ့အခါမှာ သူကသေဆုံးတယ်။ သူက အရှိုချင်းတိုင်းရင်းသားပါ”လို့ ပြောပါတယ်။

အဲ့ဒီနောက် ဇန်နဝါရီ ၂၉ ရက်မနက်ပိုင်းမှာ တမာရွာကိုဝင်ရောက်ပြီး ရွာခံပစ္စည်းတွေသိမ်းယူနေချိန် တိုက်ခိုက်ခံရတာကြောင့် လက်နက်ကြီးတွေနဲ့ပစ်ခတ်ရာ ကျေးရွာနဲ့ ၁ မိုင်ကျော်အကွာရှိ ကင်းမွန်တောင်ကျေးရွာကို ကျပြီးနေအိမ်တွေမီးလောင်ခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေး တာဝန်ခံ ကိုမြတ်ကပြောပါတယ်။

စစ်ကော်မရှင်စစ်ကြောင်း မီးရှို့တာနဲ့လက်နက်ကြီးကြောင့် ဝက်ကော်ကျေးရွာက နေအိမ် ၂၈ လုံး၊ ထန်းလေးပင်ကျေးရွာကနေအိမ် ၅၀ ကျော်နဲ့ ကင်းမွန်တောင့်ကျေးရွာက နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကျေးရွာတွေကို စစ်ကြောင်းထိုးလာစဥ်မှာ ဒေသအခြေစိုက် PDF တပ်ဖွဲ့တွေနဲ့ ကြပ်ကြီးကျေးရွာနားမှာ ၁ ကြိမ်၊ သရက်အုပ်ကျေးရွာအနီး ၁ ကြိမ်၊ ထိန်ကိုင်းကျေးရွာနဲ့ကောက်ကွေ့ကျေးရွာကြားမှာ ၂ ကြိမ်၊ ထန်းလေးပင်ကျေးရွာအနီးမှာ ၄ ကြိမ်၊ ပြောင်းကျေးရွာနဲ့ ယင်းကောက်ကျေးရွာကြားမှာ ၁ ကြိမ်၊ တမာကျေးရွာအနီး ၂ ကြိမ်၊ ကျွဲဒွန်းကျေးရွာအနီး ၁ ကြိမ် စုစုပေါင်း တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကော်မရှင်ဘက်က ၃၀ ခန့်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းထိုးနေစဥ်ကာလအတွင်း ဇန်နဝါရီ ၁၈ ရက်မှာ သရက်ခရိုင်တပ်ရင်း ၄ နောက်တန်းစခန်းကို စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ၁၀ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ စခန်းအဆောက်အဦနဲ့ ပစ္စည်းတချို့ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတော့မရှိခဲ့ဘူးလို့ သိရပါတယ်။

စစ်ကြောင်းက ဇန်နဝါရီ ၂၉ ရက်မှာ မင်းတုန်းမြို့နယ်ထဲကပြန်ဆုတ်ခွာသွားပြီး ဖမ်းဆီးထားတဲ့ ဒေသခံတွေကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုမြတ် ဆီက သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။