တည်တောရွာပစ်ခတ်မှုမှာဖမ်းခံထားရတဲ့ LPDF ၁၂ ဦးကို အမြန်ဆုံးတရားစီရင်ပေးဖို့ မိသားစုဝင်တွေ တောင်းဆို

0 69
0 69

မြေလတ်အသံ၊ ဇန်နဝါရီ ၂၃၊ ၂၀၂၆ ။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ တည်တောရွာပစ်ခတ်မှုမှာ ဖမ်းဆီးခံထားရတဲ့ ရွှေဘိုခရိုင်အခြေစိုက် ကျောင်းသားလေး – LPDF တပ်ဖွဲ့ဝင် ၁၂ ဦးကို တရားစီရင်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။

အဲ့ဒီ LPDF တပ်ဖွဲ့ဝင် ၁၂ ဦးကို ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) လက်အောက် ဒီပဲယင်းနဲ့ကနီနယ်အစပ်ရှိ ပလဖအချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပြီး ၂ နှစ်နီးပါးကြာအထိ အမှုဖွင့်တရားစွဲဆိုတာတွေ လုပ်ဆောင်တာမရှိလို့ အခုလိုတောင်းဆိုရတာလို့ ဆိုပါတယ်။

” ဘာအမှုမှလည်းမတင်ဘူး။ စစ်လည်းမစစ်ဆေးပေးဘူး။ တကယ်လို့ အပြစ်ရှိတယ်ဆိုရင် ရတယ်။ ဘယ်နှစ်နှစ်ဖြစ်ဖြစ် စစ်ဆေးပြီးချလိုက်။ အခုက အဲ့လိုလည်းမဟုတ်ဘူး။ စစ်လည်းမစစ်ဆေးဘဲနဲ့ တမင်တကာ ဒီအတိုင်းထားထားတာ”လို့ ဖမ်းဆီးခံထားရသူတဦးရဲ့မိသားစုဝင်က မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေနဲ့ပတ်သက်ပြီး အပြစ်မရှိပါက ချက်ချင်းပြန်လွှတ်ပေးစေချင်ပြီး အပြစ်ရှိပါကလည်း ဥပဒေအရ အမြန်ဆုံးအမိန်ချပေးဖို့ လိုလားတယ်လို့ ဆိုပါတယ်။

အချုပ်နဲ့ဖမ်းဆီးထားစဥ်မှာလည်း ဒီပဲယင်းအရှေ့ခြမ်းပလဖတာဝန်ခံ ကိုကျော်ထက်အောင် က အကျဥ်းသားတွေအပေါ်နှိပ်စက်တာ၊ အလုပ်ကြမ်းတွေခိုင်းစေတာ၊ ရေနဲ့အစားအစာလောက်ငှစွာမပေးတာ၊ မိသားစုတွေနဲ့ပုံမှန်တွေ့ခွင့်မပြုတာတွေအပါအဝင် အခြားအကျဥ်းသားအခွင့်အရေးတွေလည်း ချိုးဖောက်ဖိနှိပ်ခံနေတယ်လို့ မိသားစုဝင်က ပြောပါတယ်။

” အရမ်းပူတဲ့အချိန် ၃ လပိုင်း(မတ်)၊ ၄ လပိုင်း(ဧပြီ)တောင် ၁ ရက်ကို ဘလူးမောင်တိန်ရေဘူးအသေးဗူးလေးနဲ့ ၁ ယောက်ကို ၁ ဗူးပေးတယ်။ ရေဆိုလည်း ၁၀ ရက် ၁ ကြိမ်ပဲ ပေးချိုးတယ်” လို့အထက်ပါမိသားစုဝင်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ မေ ၂၈ ရက်မနက်ပိုင်းမှာ ကျောင်းသားလေး LPDF အဖွဲ့ဝင် အောင်မြတ်မွန်နဲ့ Black Tiger မိုးကြိုးမုန်တိုင်းအဖွဲ့ဝင်ဟောင်း သန့်ဇင်ထက်အပါ ၃ ဦးတို့အကြား အချင်းများရန်ဖြစ်ခဲ့ကြောင်း၊ အချင်းများချိန်တွင် အောင်မြတ်မွန်ကိုင်ဆောင်တဲ့ ပစ္စတိုသေနတ်နဲ့ လက်ကိုင်ဖုန်းတို့ သန့်ဇင်ထက်အဖွဲ့က ရရှိသွားခဲ့ကြောင်း၊ ၎င်းပစ္စတိုသေနတ်နဲ့ လက်ကိုင်ဖုန်းကို သန့်ဇင်ထက်နေအိမ်မှာ ကျောင်းသားလေးအဖွဲ့အပါ ဒေသတွင်းအဖွဲ့အစည်းတွေက လိုက်လံတောင်းခံရာက ပစ်ခတ်မှုတွေဖြစ်ခဲ့တာလို့ ဆိုပါတယ်။

” ဝိုင်းတဲ့အထဲက ကျောင်းသားလေးအဖွဲ့ဝင်တွေရော ရပ်ရွာလူကြီးတွေကော(ပကဖ၊ ပလဖ)တွေကော ဝိုင်းပြီး တောင်းပေးကြတယ်။ သူတိုပစ္စည်းတွေကိုပြန်ပေးလိုက်ပြီး ညှိနှိုင်းပေးကြတယ်။ ရွာကလူတွေလည်းထွက်ကြည့်နေကြတာဆိုတော့ လူကတော့များတယ်။ အိမ်ထဲကနေ လက်ပစ်ဗုံးတွေကတအားထုနေတော့ မကပ်ရဲကြတော့ လက်နက်ကိုင်တွေချည်းပဲဆိုတော့ တင်းတင်းကြပ်ကြပ်မတားရဲကြဘဲ ဖြစ်ကုန်တာ”လို့ အထက်ပါမိသားစုဝင်က ပြောပါတယ်။

သေနတ်ပြန်လည်တောင်းခံရာကနေ ကျောင်းသားလေး-LPDF တွေနဲ့ သန့်ဇင်ထက်တို့အကြား နှစ်ဖက်အပြန်အလှန်အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ နေအိမ်တွင်းဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး သန့်ဇင်ထက်၊ ဇနီးဖြစ်သူအပါအဝင် မိသားစုဝင် ၅ ဦးသေဆုံးသွားခဲ့တာပါ။

အထက်ပါဖြစ်စဥ်တွေဖြစ်ပွားပြီးနောက် မေ ၃၀ ရက်မှာ သေနတ်ပစ်ခတ်မှု၊ လူသေဆုံးမှုတွေနဲ့ပတ်သက်ပြီး ကျောင်းသားလေး-LPDF ၁၉ ဦးကို ရွှေဘိုခရိုင်တပ်ရင်း ၁၂ က ဖမ်းဆီးခဲ့ပြီး အဲ့ဒီကနေတဆင့် ဇွန်လအတွင်းမှာ ၎င်းတို့ ၁၉ ဦးကို ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းပလဖထံ ထပ်မံလွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရပြီးနောက် ၃ လအကြာ ၂၀၂၄ ဩဂုတ်လအတွင်းမှာ LPDF ၁၉ ဦးအနက် ၆ ဦးမှာ အာမခံနဲ့ပြန်လွတ်လာခဲ့ပေမယ့် ကျန်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ အောင်မြတ်မွန်၊ ဇာနည်အောင်၊ မျိုးဇော်ဌေး၊ ဟန်သူထွန်း၊ ချမ်းရဲဇော်၊ ထက်ဇော်၊ ကိုညောင် ၊ စိုင်းခန့်ကျော်၊ တောသား၊ စုဟန်၊ မင်းမင်းထက်၊ ခေါင်းကြီး၊ ငနောင်တို့ ၁၃ ဦးမှာ လက်ရှိအထိ ဒီပဲယင်းပလဖလက်အောက်အချုပ်ထောင်တွေမှာ ဆက်လက်ဖမ်းဆီးခံထားရတာလည်း ဖြစ်ပါတယ်။

၂၀၂၅ အောက်တိုဘာလမှာ အောင်မြတ်မွန်၊ မင်းခေါင်အပါ ၃ ဦးကို ခင်ဦးမြို့နယ်ပလဖစခန်း၊ ထက်ဇော်အပါ ၂ ဦးကို ဝက်လက်မြို့နယ်ပလဖစခန်းတွေကို အသီးသီးခွဲကာ ပို့ဆောင်လိုက်ပြီး ကျန်သူတွေကိုတော့ ဒီပဲယင်းအရှေ့ခြမ်းပလဖစခန်းမှာပဲ ဆက်လက်ချုပ်ထားတယ်လို့ သိရပါတယ်။

ဝက်လက်ပလဖစခန်းမှာချုပ်နှောင်ခံထားရတဲ့ LPDF ၂ ဦးအနက် တည်တောရွာသား ကိုထက်ဇော်မှာ အစာအိမ်အချဥ်ဖောက်ပြီး သေဆုံးသွားခဲ့ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်မှာ မြို့နယ်ပလဖက ကျန်ရစ်သူမိသားစုတွေထံ အကြောင်းကြားလာတာကြောင့် ယင်းဖြစ်စဥ်မှာ ဖမ်းဆီးခံရသူ ၁၂ ဦးသာ ကျန်တော့တာပါ။

ကိုထက်ဇော် သေဆုံးခဲ့ပြီးတဲ့နောက် အကျဥ်းထောင်တွေမှာရှိနေတဲ့ LPDF တွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဒီပဲယင်းအရှေ့ခြမ်းပလဖတာဝန်ခံ ကိုကျော်ထက်အောင် ကို မြေလတ်အသံက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်မရခဲ့ပါဘူး။

ဒီပဲယင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံကို မေးမြန်းရာမှာတော့ အဲ့ဒီ တည်တောရွာ ဖြစ်စဥ် LPDF တွေအမှုဟာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်ကိုင်တွယ်နေတာဖြစ်လို့ သူ့အနေနဲ့ သီးခြားဖြေကြားဖို့မရှိဘူးလို့ တုံ့ပြန်ပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဆောင်ရွက်နေတဲ့အခြေအနေကို သိရှိနိုင်ရေး NUGအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ကတဆင့် ပြည်ထဲရေးဝန်ကြီးဌာနကို မြေလတ်အသံက ဆက်လက်မေးမြန်းခဲ့ပေမယ့် သတင်းတင်ပြချိန်အထိ ပြန်လည်ဖြေကြားလာတာ မရှိသေးပါဘူး။

စာတည်း – ဟိန်းစံ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။