ထီးလင်းမှာ လေကြောင်းကဗုံးကြဲလို့ နေအိမ်တွေပျက်စီးပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

0 0
0 0

မကွေး၊ ဇွန် ၆၊ ၂၀၂၃။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျင်းရွာအုပ်စု၊ ဆင်ထိုးကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၆ ရက်နေ့လယ် ၃ နာရီကျော်မှာ ရဟတ်ယာဥ်နဲ့ ဗုံကြဲခဲ့တာကြောင့် နေအိမ်တွေပျက်စီးကာ ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆင်ထိုးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မုံရွာဘက်ကနေ တက်လာတဲ့ Mi-35 တစီးနဲ့ ရွာအနီး ပတ်ဝန်းကျင်ကို နာရီဝက်အကြာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် ၂ လုံးပျက်စီးသွားခဲ့ကာ ရွာရဲ့အရှေ့လယ်ကွင်းပြင်မှာ လက်နက်ကြီးအလုံးရေ ၃၀ ကျော်ကျသွားတဲ့ အရာတွေရှိခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ခံ ဆရာကျော်က ပြောပါတယ်။

“ရဟတ်ယာဥ်က ရွာရဲ့အရှေ့ဘက် လယ်ကွင်းပြင်ကစလို့ ဗုံကြဲပြီးပစ်ခတ်ခဲ့တာ။ ကံကောင်းထောက်မစွာနဲ့ ပြည်သူတွေ အထိအခိုက်မရှိခဲ့ပါ။ စက်လက်နဲ့လည်းပစ်သွားတယ်။ ရွာထဲက အိမ်နှစ်လုံးမှာတော့ စျေးဆိုင်တွေ၊ ခေါင်မိုးတွေ၊ ဗီရိုတွေ ပျက်စီးသွားတယ်။ ကားတစီးဆိုရင်လည်း Body ပွန်းပဲ့ ကာဘီးပေါက်သွားတယ်။ အားသွင်းထားတဲ့ ဖုန်းနှစ်လုံးပျက်စီးတယ်” လို့ ဆိုပါတယ်။

အဲဒီ ရဟတ်ယာဥ်ဟာ နာရီဝက်အကြာ ပစ်ခတ်ခဲ့ပြီးနောက် မုံရွာဘက်ကို ပြန်လည်ထွက်ခွာ သွားခဲ့ပေမယ့် ကျေးရွာသားတွေဟာ နောက်ထပ်လာရောက်ပစ်ခတ်မှာကို စိုးရိမ်နေကြတာကြောင့် ဘေးလွတ်ရာနေရာတွေကို ရွာလုံးကျွတ် ရွေ့ပြောင်းနိုင်အောင် မြို့နယ်ပအဖ အဖွဲ့က ကူညီဆောင်ရွက်ထားတယ်လို့ ဆရာကျော်က ဆက်ပြောပါတယ်။

အခုလိုလုပ်ရပ်က ဒေသခံတွေအနေနဲ့ ရွာထဲမှာ လူစုလူဝေးဖြစ်သလို နေနေကြတာကို စစ်ကောင်စီသတင်းပေးက သတင်းမှားပေးခဲ့တာကြောင့် တိုက်ခိုက်လာတာ ဖြစ်နိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ခန့်မှန်းကြပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၂၀ ရက်နေ့မှာလည်း ထီးလင်းမြို့နယ်မှာရှိတဲ့ Yaw Revolution Army ရဲ့ ရုံးတခုကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရုံးတခုလုံး မီးလောင်ပျက်စီးသွားကာ တပ်ဖွဲ့ဝင်အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးတဦးတို့ သေဆုံးခဲ့တယ်လို့ YRA တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။