စလင်းမှာ စစ်တပ်ကစစ်ကြောင်းထိုးဗုံးကြဲလို့ ရွာ ၁၅ ရွာကဒေသခံတွေ တိမ်းရှောင်နေ

0 19
0 19

မြေလတ်အသံ၊ ဇန်နဝါရီ ၂၀၊ ၂၀၂၆။

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ပြီး မြေပြင်ကနေပါ စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၁၅ ရွာက ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇန်နဝါရီ ၂၀ ရက်မနက် ၁၀ နာရီကျော်မှာ စလင်းမြို့ပေါ်ရှိ စစ်ကော်မရှင်တပ်က ရှားတော၊ ကျောက်ရဲတုန်း၊ အောက်လှိုင်းကျေး ရွာတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် နေအိမ်တွေပျက်စီးမှုတွေလည်းရှိခဲ့တယ်လို့ စလင်းဒေသခံအမျိုးသားတဦးက ပြောပါတယ်။

အလားတူဇန်နဝါရီ ၁၉ ရက်မှာ ဝမ်းပြည့်ကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ဟာ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။

“ဘာတိုက်ပွဲမှမရှိပါ။ ရွှေလေးသင်္ချိုင်းဘက်ကနေ ဒရုန်းတွေလွှတ်တင်တာ။ ဗုံးသီးတွေ ၁၀ ကျော်ကြဲတယ်။ ရွာကလူတွေ ထွက်ပြေးသွားကြပြီ။ ရွာထဲမှာ ၁ ယောက်မှ မကျန်တော့ဘူး”လို့ စလင်းဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၈ ရက်မှာလည်း စလင်းမြို့ပေါ်ကနေ အင်အား ၂၀၀ ခန့်ပါစစ်ကော်မရှင်တပ်သားတွေက ပန်းတိမ်ကုန်း နဲ့ ကညှပ်ကျေးရွာတို့ကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး အမျိုးသား ၉ ဦးကို ဖမ်းဆီးကာ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သူကဆိုပါတယ်။

အဆိုပါစစ်ကြောင်းဟာ ကညှပ်ကျေးရွာကနေတဆင့် နောင်တော်လေးနဲ့ နောင်တော်ကြီးကျေးရွာတို့ကို ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ပြီး ကျေးရွာအတွင်းဝင်ရောက်ကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။

“၁ ရက်တည်းကို ရွာ ၄ ရွာကို ဝင်ပြီးတော့မီးရှို့တာ။ ရွာထဲကိုမဝင်ခင် အရင်ဒရုန်းနဲ့ ဗုံးကြဲတယ်။ ပြီးမှ ရွာထဲဝင်တာ။ တွေ့တဲ့လူ ဖမ်းတာပဲ။ နောင်တော်ကြီးရွာမှာဆို ဘုန်းကြီးကျောင်းပါ ရှို့သွားတယ်။ ရွာတွေမှာ အိမ်တွေ ဘယ်လောက်ပျက်စီးသွားလဲ ဆိုတာကိုတော့ မသိရသေးဘူး”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

အခုလိုစစ်ကော်မရှင်တပ်က ဒရုန်းတွေနဲ့တိုက်ခိုက်ပြီး ကျေးရွာတွေကို ဝင်ရောက်မီးရှို့နေတာကြောင့် ဝမ်းပြည့်၊ ပန်းတိမ်ကုန်း၊ ကညှပ်၊ နောင်တော်ကြီး၊ နောင်တော်လေး၊ ဥယျာဥ်စု၊ ပန်းတော၊ ကျောက်ခဲကုန်း ၊ ရှားတော၊ ကျောက်ရဲတုန်း၊ အောက်လှိုင်း စတဲ့ကျေးရွာတွေအပါအဝင် ၁၅ ရွာက ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးနေကြရတာလို့ သူကဆိုပါတယ်။

လက်ရှိအချိန်ထိ အဆိုပါနေရပ်စွန့်ခွာထွက် ပြေးနေကြရတဲ့ ခန့်မှန်းခြေ ဒေသခံ ၅,၀၀၀ကျော်ဟာ တောတွေနဲ့ လယ်ကွင်းတွေထဲမှာ တဲထိုးပြီး ခိုလှုံနေကြရတာကြောင့် စားသောက်ရေး အခက်အခဲတွေ ဖြစ်တယ်ကြတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။