မင်းဘူး၊ မုန်တောင်ရဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီးနောက် မီးရှို့ခံရ

0 220
0 220

မင်းဘူး၊ ဇန်နဝါရီ ၁၆၊ ၂၀၂၆။

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မုန်တောင်ရွာရဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီးနောက် ရဲစခန်းမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၆ ရက် ဒီကနေ့မနက်အစော ၃ နာရီခန့်မှာ မုန်တောင်ရွာရဲစခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းမှူးအပါ ရဲတချို့ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

“မုန်တောင်စခန်းဝင်သိမ်းသွားလို့ ရဲတွေကော စခန်းမှူးတွေကော ပါသွားတယ်၊ သူတို့ စခန်းအဝိုင်းခံရတာ။ မုန်တောင်စခန်းပြာကျသွားပြီ” လို့ မင်းဘူးရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ရဲစခန်းတိုက်ခိုက်ခံရတာကြောင့် ဒီကနေ့ မနက် ၆ နာရီလောက်မှာ မင်းဘူးမြို့ကနေ စစ်ကော်မရှင်စစ်ကူယာဥ်တန်း ၁၀ စီးထက်မနည်း မုန်တောင်ရွာဘက်ကို ထွက်ခွာသွားတယ်လို့ မြေပြင်ကင်းထောက်တပ်ဖွဲ့တွေဆီက သိရပါတယ်။

မင်းဘူးခရိုင် တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကလည်း မုန်တောင်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် မီးရှို့ခံရပြီး အသေးစိတ်အခြေအနေတွေကိုတော့ စုံစမ်းဆဲဖြစ် ကြောင်း ပြောပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဒေသတော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်တာမရှိသေးဘဲ နောက်ဆက်တွဲအခြေအနေတွေကို ဆက်လက်မေးမြန်းနေဆဲဖြစ်ပါတယ်။

မုန်တောင်ရွာဟာ မင်းဘူးမြို့နယ်အတွင်း ဆားပွက်ချောင်းနံဘေးမှာရှိတဲ့ လူဦးရေ ၃,၀၀၀ ကျော် နေထိုင်တဲ့ရွာကြီးဖြစ်ပြီး နယ်မြေရဲစခန်းအခြေစိုက်ထားတာလည်း ဖြစ်ပါတယ်။

” တို့ဘက်ဒီဘက်အခြမ်းတွေလည်းကပ်လာပြီ၊ တောင်မန်း၊ ကိုင်းတောကြီး၊ ကိုင်းတောလေးဘက်တွေဆို ဒေသခံတွေ အကုန်ပြေးကုန်ကြပြီ” လို့ အထက်ပါမင်းဘူးဒေသခံက ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။