ရေစကြိုမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ သေဆုံးသူတွေရှိဟုဆို

0 2
0 2

မကွေး၊ ဇွန် ၃၊ ၂၀၂၃။

မကွေးတိုင်း၊ ရေစကြိုမြို့ အခြေစိုက် ခလရ ၂၅၈ က ထွက်လာတဲ့စစ်သားတွေကို ဇွန်လ ၁ ရက် မနက် ၈ နာရီခွဲလောက်မှာ ဒေသခံ PDF ကတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေရှိတယ်လို့ Urban Underground Revolution Force – YSO ကသတင်းထုတ်ပြန်ပါတယ်။

ရေစကြိုမြို့နယ်၊ ပခုက္ကူ – ရေစကြို လမ်းမကြီးအတိုင်း တောင်အိုတာတိုင် စစ်ဆေးရေးဂိတ်ကို အင်အားဖြည့်ဖို့ စစ်သား ၄၀ လောက်နဲ့ထွက်လာချိန် ကံသစ်ရွာနဲ့ ကြီးကန်ရွာကြားကနေ မိုင်း ၁၈ လုံးခွဲကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စစ်သားတွေက စထွက်လာတုန်းကဖောကား ၂ စီးနဲ့လာတာ၊ ကံသစ်ရွာ ကွက်သစ်နားရောက်တော့ကား ၂ စီးနဲ့ ရဲဘော်တချို့ထားခဲ့ပြီး အင်အား ၃၀ လောက်နဲ့ခြေလျင်ဆင်းပြီး ကျနော်တို့ထောင်ထားတဲ့ မိုင်းတွေကိုရှာကြတာဗျ။ အဲဒီမှာမိုင်းကိုတူးဖော်နေပြီး ဘက်ထရီအိုးဖြုတ်မယ်အလုပ်မှာ ဆွဲချလိုက်တာပါ” လို့ YSO ရဲ့ သတင်းပြန်ကြားတာဝန်ခံက ပြောပါတယ်။

မိုင်းဆွဲလိုက်တဲ့အတွက် စစ်သား ၆ ဦးနေရာမှာသေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရသွားတာကို မျက်မြင်တွေ့လိုက်ရတယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ခိုက်မှုအပြီး ဖောကား ၂ စီးထဲက ၁ စီးဟာ သေဆုံးဒဏ်ရာရတဲ့ စစ်သားတွေကိုတင်ကာ ခလရ ၂၅၈ ဘက်ကို ပြန်လှည့်သွားပြီး ကျန် ၁ စီးကတော့ တောင်အိုတာတိုင်ဂိတ်ဘက် ဆက်ထွက်သွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို Urban Underground Revolution Force – YSO နဲ့ ရေစကြို ပကဖတို့တိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF ရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား သေဆုံးဒဏ်ရာရမှုကိုတော့ မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

စစ်ကောင်စီတပ်ဟာ ဇွန်လ ၂ ရက် မနေ့ညနေပိုင်းမှာတော့ ရေစကြိုနယ်ထဲက ရွာသာရွာ၊ ကိုင်းမကြီးရွာ၊ ကျောက်လှေကားရွာ စတဲ့ကျေးရွာတွေမှာ စစ်သားတွေ လာရောက်ချထားတယ်လို့ ဆိုပါတယ်။

Urban Underground Revolution Force – YSO နဲ့ မဟာမိတ်တွေဟာ မေလ၂၃ ရက်နဲ့ ၂၄ ရက်ကလည်း ရေစကြိုမြို့နယ်၊ ကျောက်လှေခါးကျေးရွာ အနီးက စစ်ကောင်စီ စစ်‌ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးချကာ တိုက်ခိုက်ခဲ့ကြပါသေးတယ်။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်ကနေ ၂၉ ရက်အတွင်းကတော့ စစ်ကောင်စီတပ်ဟာ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ဒေသရှိကျေးရွာ ၂၅ ရွာက နေအိမ် ၆၅၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြပါသေးတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။