လမ်းဘေးချကားပြင်နေတဲ့ဒိုင်နာကို စစ်တပ်ဖောကားကဝင်တိုက်လို့ အရပ်သား ၁ ဦးသေပြီး စစ်သား ၃ ဦးဒဏ်ရာရ

0 1
0 1

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၅။

စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်၊ သီရိရပ်၊ ကောင်းမှုတော်ဘုရားအနီးမှာ ကားစက်ချို့ယွင်းလို့ လမ်းဘေးချရပ်ကာပြုပြင်နေတဲ့ အရပ်ဘက်ကားကို စစ်ကောင်စီတပ်သံပြားကာ(Faw)ဖောကားက ဝင်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက် မနက် ၈ နာရီခန့်က ကောင်းမှုတော်ဘုရားအနီး မုံရွာ-မန္တလေးလမ်း ဘေးမှာ စစ်ကိုင်းဘက်ကိုဦးတည်ကာရ ပ်တန့်ပြုပြင်နေတဲ့ ထွန်စက်တင် ဒိုင်နာကားကို မုံရွာဘက်ကနေ စစ်ကိုင်းဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ဖောကားက အနောက်ကနေ ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

“သေသူက ကားပျက်လို့ ဇက်ကိုလှန်ပြီး ပြင်နေတာ။ အဲဒီမှာ သံပြားကား ၂ စီးက ဆွဲလာတာမှာ ဝင်တိုက်လိုက်တာ။ ဒိုင်နာက မှောက်(လဲ)သွားပြီးတော့ ထွန်စက်ပါ ပြုတ်ကျသွားတာ။ ခေါင်းထဲမှာဇက်လှန်ပြီးနှိုက်နေတဲ့ ဒရိုင်ဘာက ပွဲချင်းပြီးသေတာ။”လို့ အခင်းဖြစ်ရပ်ကွက်နေသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ထွန်စက်တင်ဒိုင်နာကားကို ဝင်တိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ဖောကားဟာလည်း စက်ချို့ယွင်းနေတဲ့နောက်ထပ်စစ်တပ်ဖောကားတစီးကို ကြိုးနဲ့ဆွဲပြီးမောင်းနှင်လာတဲ့ကားဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပွားစဉ်မှာ ဝင်တိုက်တဲ့စစ်ကောင်စီတပ်သံပြားကားပါ တိမ်းမှောက်ခဲ့ကာ ကြိုးနဲ့ဆွဲလာရတဲ့ စက်ချို့ယွင်းကားကတော့ မမှောက်ခဲ့ဘူးလို့ ဆိုပါတယ်။

ယာဉ်တိုက်မှုကြောင့် ဒိုင်နာယာဉ်မောင်း မုံရွာမြို့နေ အသက် ၂၅ နှစ်အရွယ် ကိုမင်းထက်သာ သေဆုံးသွားပြီး ဝင်တိုက်ခဲ့တဲ့ ဖောကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးစလုံးလည်း ပေါင်ကျိုးတာအပါအဝင် ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် ဒိုင်နာယာဉ်၊ ထွန်စက်၊ စစ်ကောင်စီဖောကားတွေလည်း ပျက်စီးမှုတွေရှိခဲ့ပြီး အခင်းဖြစ်ပွားပြီးမကြာမီမှာပဲ စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းကိုပိတ်ကာ ယာဉ်တွေကို ကရိန်းတွေနဲ့ရှင်းလင်းပြီး ဖောကား ၂ စီးကို ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသွားတဲ့ယာဥ်မောင်းကိုတော့ ဒေသခံတွေက စစ်ကိုင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။