ရွှေဘိုနယ် ဆိပ်သာကျေးရွာကို လက်နက်ကြီးကျလို့ သားအမိ ၂ ဦးဒဏ်ရာရ

0 1
0 1

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်သာကျေးရွာမှာ လက်နက်ကြီးကျလို့ သားအမိ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ရွှေဘိုတိုက်နယ် ၂ ပကဖ တာဝန်ရှိသူထံက သိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက်မနက် ၁၀ နာရီခွဲခန့်မှာ ဇီးဖြူကုန်းရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ဇီးဖြူကုန်းနဲ့ ၃ မိုင်ခန့်အကွာရှိ ဆိပ်သာရွာကို လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“လက်နက်ကြီးတွေက ရွာနားနဲ့ရွာထဲကို ကျရောက်ပေါက်ကွဲတော့ သားအမိ ၂ ဦးမှာ မိခင်ကတော့ လက်အဖျားလေးထိတယ်။ သားကတော့ ခြေထောက်ကိုမှန်တယ်။ ကံကောင်းတယ်ပြောရမယ် စစ်ရှောင်ပြည်သူတွေနေတဲ့နေရာ မကျလို့။ ထိခိုက်တဲ့သားအမိကလည်း ရွာထဲမှာပဲရှိနေချိန် ထိတာ။”လို့ တိုက်နယ် ၂ ပကဖ တာဝန်ရှိသူက ပြောပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ဆိပ်သာရွာမှ အသက် ၅၀ ကျော်အရွယ် ဒေါ်ဝင်းသန်းနဲ့ သားဖြစ်သူ မူတူး ၄ နှစ်တို့ မစိုးရိမ်ရဒဏ်ရာတွေရရှိခဲ့ပြီး ရွာမှာလာရောက် စစ်ဘေးရှောင်နေတဲ့ မိသားစု ၁ စုရဲ့ နွား ၂ ကောင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဆိပ်သာကျေးရွာဟာ ရွာခံတွေနဲ့စစ်ဘေးရှောင်တွေသာ နေထိုင်ကြတာဖြစ်ပြီး အနီးအနားမှာလည်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

ဆိပ်သာကျေးရွာဟာ အိမ်ထောင်စု ၁၄၀ ခန့်၊ လူဦးရေ ၆၀၀ ခန့် နေထိုင်ကြပြီး စစ်ဘေးရှောင်တွေကတော့ အိုးဘိုရွာနဲ့ ပျူစောထီးအားကောင်းခဲ့တဲ့ သီးလုံးရွာတို့ကနေ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကတည်းက လာရောက်နေထိုင်ကြတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်ကလည်း ရွှေဘိုမြို့နယ်၊ သပြေသာကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး အမျိုးသား ၄ ဦးကို သတ်ဖြတ်မီးရှို့ကာ အိမ် ၁၅၀ ခန့်ကိုလည်း မီးရှို့ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။