27 July 2026 2:50 AM

လာလီဂါ ချန်ပီယံပြေးလမ်းပေါ်က မက်ဒရစ်ဒါဘီ (အားကစားသတင်း)

0 3
0 3

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၅။

စပိန်လာလီဂါဇယားရပ်တည်မှုမှာ အဆင့် ၁ နေရာက ရီရဲလ်မက်ဒရစ်နဲ့ အဆင့် ၂ နေရာက အက်သလက်တီကိုမက်ဒရစ် အသင်းတို့ရဲ့ မက်ဒရစ်ဒါဘီပွဲကို မြန်မာစံတော်ချိန် မနက်ဖြန်မနက် ၂ နာရီခွဲအချိန် ရီရဲလ်မက်ဒရစ်အိမ်ကွင်း ဘာနေဗျူး မှာ ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။

ဒီပွဲစဉ်ဟာ လာလီဂါပွဲစဉ် ၂၃ ဖြစ်ပြီးတော့ ဒီ ၂ သင်းကြားက အမှတ်ကွာဟမှု ၁ မှတ်သာရှိပြီး ဒီပွဲအနိုင်ရရှိရေးက ချန်ပီယံဖြစ်ဖို့အတွက် အရေးပါနေသလို မြို့ခံပြိုင်ဘက်အသင်းတွေရဲ့ထုံးစံအတိုင်း ပြိုင်ဆိုင်မှုလည်း ပြင်းထန်မယ့် ပွဲစဉ်ပါ။

အိမ်ရှင် ရီရဲလ်အသင်းက နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ် ၂၂ မှာ အက်စပန်ညိုအသင်းကို ၁-၀ ရလဒ်နဲ့ရှုံးနိမ့်ထားပေမယ့် အဆင့် ၁ နေရာမှာ ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။ အဓိကနောက်ခံလူတွေဖြစ်တဲ့ ရူဒီဂါ၊ ကာဘာဟယ်၊ ဒေးဗစ်အလာဘာ၊ မီလီတာအိုတို့ ဒဏ်ရာရနေတာက အိမ်ရှင်အသင်းအတွက် စိုးရိမ်စရာပါ။ ဒါပေမယ့် ကွင်းလယ်လူ ကာဗာမင်ဂါ ဒဏ်ရာက ပြန်လည်သက်သာပြီး လေ့ကျင့်ခန်းဆင်းနိုင်တာကတော့ အသင်းအတွက် အပေါင်းလက္ခဏာဆောင်တဲ့ အခြေအနေဖြစ်ပါတယ်။ 

ဒီပွဲစဉ်မှာ အိမ်ရှင်အသင်းအနေနဲ့ နည်းပြ အန်စလော့တီရဲ့ ဦးဆောင်မှုနဲ့အတူ အမ်ဘာပေ၊ ဗီနီဆီးယက်စ်၊ ရိုဒရီဂို၊ ဘယ်လင်ဂမ်တို့ရဲ့ သွင်းဂိုးတွေကို မြင်တွေ့နိုင်မလား စောင့်ကြည့်ရမှာပါ။

ဧည့်သည်အသင်းဖြစ်တဲ့ အက်သလက်တီကို အသင်းကတော့ နောက်ခံလူ လီနော်မန် အဝါကတ် ၅ ကတ်ကြောင့် ပွဲပယ်ခံရတာကလွဲရင် လူစုံတက်စုံ အနေအထားပါ။ လာလီဂါနောက်ဆုံး ၃ ပွဲမှာ လီဂါနက်ကိုရှုံးထားပြီး ဗီလာရီရဲလ်ကို သရေကျကာ မာရော့ကာကို အနိုင်ကစားထားတဲ့ အက်သလက်တီကိုတို့အနေနဲ့ ဘာနေဗျူးမှာတော့ ရုန်းကန်ရမယ့်အခြေအနေဖြစ်ပါတယ်။

ဒီပွဲစဉ်မှာတော့ သက်တော်ရှည်နည်းပြ ဒီယေဂိုဆီမြူနီရဲ့ ဦးဆောင်မှုနဲ့အတူ ဆောလော့တ်၊ အဲဗာရက်ဇ်၊ ဂရစ်ဇ်မန်းတို့ရဲ့ တိုက်စစ်တွဲလုံးတွေကို မြင်တွေ့နိုင်သလို ဒီရာသီ လာလီဂါမှာ ပေးဂိုး ၁၄ ဂိုးသာ ခွင့်ပြုထားရပြီး ပေးဂိုးအနည်းဆုံးအဖြစ် ရပ်တည်နေတဲ့ အက်သလက်တီကိုရဲ့ ခံစစ်ပိုင်းကိုလည်း တွေ့မြင်ရမှာပါ။

ဒီ ၂ သင်းရဲ့ လာလီဂါမှာ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ မက်ဒရစ်ဒါဘီ ၅ ကြိမ်မှာတော့ ၁ ကြိမ်စီ အနိုင်ရထားပြီး ၃ ကြိမ် သရေရလဒ် ထွက်ပေါ်ထားပါတယ်။

တိုက်စစ် ခံစစ်အားပြိုင်မှုနဲ့အတူ အဆင့် ၁ နေရာကို ဘယ်သူရယူသွားမလဲဆိုတာအပြင် အဆင့် ၂ နဲ့ ၃ မှတ်သာကွာဟပြီး အဆင့် ၃ နေရာမှာရှိတဲ့ ဘာစီလိုနာအသင်းရဲ့ ဖိအားပေးမှုကြောင့် ဒီပွဲရဲ့ ရလဒ်က လာလီဂါ ဇယားထိပ်ပိုင်းကို အပြောင်းအလဲ ဖြစ်စေမလား စောင့်ကြည့်ရအောင်ပါ။

Photo – LaLiga.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။