ရန်ကုန်၊ မကွေးနဲ့ ဧရာဝတီတိုင်းက လူငယ်တပ်သားသစ်တွေကို မင်းဘူခရိုင်PDF က အခြေခံစစ်ပညာနဲ့ ကိုယ်ခံပညာ သင်တန်းပေး

0 2
0 2

မကွေး၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅။

မကွေးတိုင်းအတွင်းတနေရာမှာ ရန်ကုန်၊ မကွေးနဲ့ ဧရာဝတီတိုင်းတို့ကနေရောက်လာတဲ့ လူငယ် ၁၈ ဦးကို အခြေခံစစ်ပညာအပြင် ကိုယ်ခံသိုင်းပညာ သင်တန်းပေးနေတယ်လို့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်း ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်ကစပြီး သင်တန်းသားအသစ်တွေကို အခြေခံစစ်ပညာ၊ တပ်စိတ်မှူးတွေရဲ့သဘောသဘာဝတွေနဲ့ ကိုယ်ခံသိုင်းပညာတွေ သင်ကြားပေး‌နေကာ သင်တန်းကာလ ၄၅ ရက်ကြာမှာဖြစ်ပြီး မင်းဘူးခရိုင် တပ်ရင်း ၂ က သင်တန်းဆရာတွေ ပြန်လည်သင်ကြားပေးနေတာလို့ သိရပါတယ်။

သင်တန်းမှာ ရန်ကုန်၊ မကွေး၊ ဧရာဝတီတိုင်းတို့က စစ်ကောင်စီဘက်ကိုမပူးပေါင်းချင်တဲ့ အမှန်တရားကိုမြတ်နိုးသူ လူငယ်တွေပါဝင်တယ်လို့ ဆိုပါတယ်။

“သူတို့ကတော့ သူတို့ရဲ့စိတ်ဆန္ဒနဲ့ ဝင်ရောက်လာတာပါ။ ကျနော်တို့ ၄၅ ရက်ကြာ ပို့ချမှာပါ။ ကျနော်တို့ တပ်ရင်းထဲက သင်တန်းဆရာတွေက သင်တန်းပေးတာပါ။ သင်တန်းသားတွေကတော့ ရန်ကုန်၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းက ဝင်လာတဲ့သူတွေ ဖြစ်တယ်။” လို့ တပ်ရင်းမှူးဗိုလ်ဇာမဏီက ဆက်ပြောပါတယ်။

မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဆီလာရောက်ပြီး သင်တန်းတက်ရောက်သူတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်မှုထမ်းဖို့ ဖမ်းဆီးခြင်းကိုခံရပြီး ပြန်လည်လွတ်မြောက်လာသူတွေပါဝင်သလို တောရောမြို့ပါမကျန် လူတန်းစားအားလုံး ဒုက္ခရောက်နေကြပြီး ပေါ်တာဆွဲခံရတာတွေကြောင့် စစ်ကောင်စီကိုတော်လှန်မှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ ပူးပေါင်းပါဝင်လာသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

“ကျနော် ဒီသင်တန်းမတက်ခင်တုန်းကတော့ ၂၀၂၅ ခုနှစ်မရောက်ခင် ၁၂ လပိုင်းလောက်မှာ စစ်**တွေ ပေါ်တာဆွဲတာခံခဲ့ရဖူးတယ်။ သိန်း ၈၀ ကျော်လောက် ကုန်သွားတယ်။ အဲ့ဒီကနေ စစ်အာဏာရှင်မကြိုက်လို့ ဝင်ဖြစ်တာ။ စစ်အာဏာရှင်ကိုမကြိုက်တဲ့အပြင် လွတ်လပ်မှုကိုလိုချင်လို့ပါ။” လို့ မကွေးတိုင်း၊ သရက်ခရိုင်ကနေ သင်တန်းတက်လာသူတဦးက ပြောပါတယ်။

သင်တန်းနဲ့တိုက်ပွဲတွေမှာ လူငယ်တွေကတက်ကြွစွာပါဝင်နေကြပြီး တော်လှန်ရေးအတွက် မနားမနေလုပ်ဆောင်နေကြကာ ပြည်သူတရပ်လုံးလည်း ပါဝင်နေတာကြောင့် ဒီတော်လှန်ရေးဟာ အမြန်ဆုံးပြီးမြောက်အောင်မြင်မယ်လို့ ရန်ကုန်တိုင်းကနေ လာရောက်ခဲ့တဲ့ သင်တန်းသား အားကွေ့က ပြောပါတယ်။

မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဟာ ငဖဲမြို့နယ်အတွင်းမှာအခြေစိုက်ကာ စစ်ကောင်စီကို တော်လှန်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

စာတည်း – ကိုချမ်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။