စဉ့်ကူး၊ ဇန်နဝါရီ ၅၊ ၂၀၂၆။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အနောက်ခြမ်း မြစ်ကမ်းအနီးကကျေးရွာတွေကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးပြီး ရွာတွေကိုမီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်အား ၁၀၀ ကျော်ပါ စစ်ကော်မရှင်စစ်ကြောင်းဟာ ဧရာဝတီမြစ်ဘေးက ကျွန်းကြီး၊ သဲအင်း၊ ကျွန်းတော်၊ ကြက်တူရွေး၊ ဟင်္သာမရွာတွေကို ဇန်နဝါရီ ၂ ရက်က စတင်ဝင်ရောက်လာပြီးနောက် အဲ့ဒီထဲကကျွန်းကြီးရွာကိုတော့ ဇန်နဝါရီ ၃ ရက်မှာ မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
“မတ္တရာမြို့နယ်ဘက်ကနေ ကားလမ်းအတိုင်း ဆင်းလာတာ။ ၃ ရက်နေ့ မနက်ပိုင်းမှာ ကျွန်းကြီးရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ဝင်တယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင်ဇန်နဝါရီ ၅ ရက် ဒီနေ့မှာလည်း ဟင်္သာမကျေးရွာကို မီးရှို့နေတယ်လို့သိရကာ စစ်ကြောင်းကြောင့် အထက်ပါကျေးရွာတွေက ဒေသခံတွေတိမ်းရှောင်နေရတဲ့အတွက် ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။
ဟင်္သာမကျေးရွာအုပ်စုမှာ ကြက်တူရွေး၊ ဟင်္သာမ၊ မြစ်ကမ်းကြီး၊ စဉ့်အိုးကျွန်းစတဲ့ ရွာ ၅ ရွာစုပေါင်း နေထိုင်ပြီး ၂၀၂၃ အတွင်းမှာ စစ်ကော်မရှင်တပ်က ၃ ကြိမ်တိုင် ရွာလုံးကျွတ်မီးရှို့ခဲ့တဲ့အတွက် နေအိမ်အနည်းငယ်သာကျန်ခဲ့ပြီး အဲ့ဒီနေအိမ်တွေကို ဒီနေ့ မီးဆက်ရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။
စဉ့်ကူးမြို့နယ်ရဲ့ ၉၅ ရာခိုင်နှုန်းလောက်ကို စစ်ကော်မရှင်တပ်ကသိမ်းယူထားပြီလို့ ဒေသခံ တော်လှန်ရေးတပ်တွေဆီက သိရပြီး လက်ရှိမှာတော့ စစ်ကော်မရှင်ဘက်က မသိမ်းယူနိုင်သေးတဲ့ ဧရာဝတီမြစ်ကမ်းအနီးက ရွာတွေကို စစ်ကြောင်းထိုးနေတဲ့အပြင် သဲအင်း၊ ဟင်္သာမရွာ၊ ကြက်တူရွေးရွာတို့ကိုလည်း စစ်ကြောင်းဝင်လာနိုင်တာကြောင့် ပြည်သူအားလုံး ရှောင်တိမ်းနေကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကြောင်းရှိနေတဲ့ ကျွန်းကြီးရွာနဲ့ သဲအင်း၊ ဟင်္သာမရွာ၊ ကြက်တူရွေးတို့ဟာ ၁ မိုင်ဝန်းကျင်ပဲကွာဝေးကာ အဲ့ဒီရွာတွေရဲ့ တဖက်ကမ်းက ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုလည်း စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံတွေအခက်တွေ့နေရတယ်လို့ ဆိုပါတယ်။
စဉ့်ကူးမြို့အပါအဝင် မိုးကုတ်- မန္တလေးလမ်းပိုင်းက စဉ့်ကူးမြို့နယ်ရဲ့ အရေးပါတဲ့နေရာ တွေကို ဒီဇင်ဘာလက စစ်ကော်မရှင်တပ်တွေက ပြန်သိမ်းယူလိုက်ပြီး ယခု မန္တလေး- စဉ့်ကူးလမ်းကို ပြန်ဖွင့်လိုက်ပြီလို့ သိရပါတယ်။
သတင်း – မြတ်