ကျွန်းလှမြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်အုပ်စုကမီးရှို့၊ စစ်ဘေးရှောင်ရသူ တသောင်းကျော် ရှိလာ

0 7
0 7

နန်းခမ်းခန့်အောင်

စစ်ကိုင်း၊ မေ ၂၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ထဲက ကုက္ကိုကုန်းရွာနဲ့ လွှတ်တိုက်ကျေးရွာကနေအိမ်တွေကို စစ်အုပ်စုက တရက်တည်း မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကလေးအခြေစိုက် ခမရ (၃၆၁)တပ်နဲ့ ပျုစောထီးပူးပေါင်းတပ်ဖွဲ့ဟာ အင်အား ၁၇၀ နီးပါးနဲ့ အိမ်ခြေ ၆၀၀ ခန့်ရှိတဲ့ ကုက္ကိုကုန်းကျေးရွာထဲကို မေလ ၂၈ ရက်က ဝင်ရောက်ခဲ့ပြီး တညအိပ်စခန်းချကာ ယနေ့မေလ၂၉ ရက်နေ့ မနက် ၇ နာရီခန့်မှာတော့ နေအိမ်တွေကိုဝင်ရောက်မွှေနှောက်ခဲ့ပြီး တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူသွားသလို အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်ဟာ ကုက္ကိုကုန်းကျေးရွာနဲ့ ၂ မိုင်လောက်သာဝေးတဲ့ အိမ်ခြေ ၄၀၀ ခန့်ရှိ လွှတ်တိုက်ကျေးရွာထဲကို လက်နက်တွေပစ်ဖောက်ပြီး ဝင်ရောက်ခဲ့သလို နေအိမ်တွေကို မီးရှို့မှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကုက္ကိုကုန်းရွာက အခုလိုမီးရှို့ခံရတာပထမအကြိမ်ပါ။ ရွာသားတွေကတော့ ထွက်ပြေးနေရတုန်းပါ။ ဖမ်းဆီးခံရတဲ့ ရွာသားရှိမရှိကိုတော့ မသိရသေးဘူးဗျ။ နေအိမ်တွေဘယ်လောက် မီးထဲပါသွားလဲဆိုတာလည်း မသိရသေးပါဘူး။ လွှတ်တိုက်ရွာကိုတော့ မီးရှို့နေတုန်းပဲ၊ စကစတွေက ရွာထဲကနေမထွက်ရသေးဘူး။ အဲဒီရွာလည်း အခုမှ ပထအကြိမ်မီးရှို့ခံရတာပါ” လို့ ဆိုပါတယ်။

ပြီခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့ကလည်း လွှတ်တိုက်ကျေးရွာက စျေးဆိုင်တွေနဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ခဲ့သလို အသက် (၂၉) နှစ်အရွယ် ကိုငြိမ်းထွန်း ကိုလည်း သေနတ်နဲ့ ပစ်သတ်သွားခဲ့ပါသေးတယ်လို့ သိရပါတယ်။

အခုလို ကျွန်းလှမြို့နယ်ထဲကနေအိမ်တွေကို စစ်အုပ်စုက လိုက်လံမီးရှို့ဖျက်ဆီးနေတဲ့အတွက် အဲဒီမြို့နယ်အတွင်းက ကျေးရွာတွေဖြစ်တဲ့ တောင်ယာဆိပ်၊ တကုန်းရွာ၊ ကုက္ကိုကုန်း၊ သံပုရာပင်စု၊ မြဘုံသာ၊ လွှတ်တိုက်၊ အောင်သာယာ၊ မဒေါင်၊ ဆွဲလှဲ၊ တင်ငုတ်ကြီး၊ မြင်သာဦး၊ သရက်တော၊ အောင်ရန်ကင်းရွာ အစရှိတဲ့ကျေးရွာက ဒေသခံပြည်သူ ၁ သောင်းနီးပါးဟာ လွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။

လက်ရှိတိမ်းရှောင်နေကြရတဲ့ ကျေးရွာတွေဟာ ကျွန်းလှ၊ ကန့်ဘလူနဲ့ ကောလင်း သုံးမြို့နယ်ထိစပ်နေတဲ့ ကျေးရွာတွေက ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။