27 July 2026 1:07 PM

ဝမ်ပေါင်ကုမ္ပဏီ လုံခြုံရေးယူဖို့လာတဲ့စစ်ကြောင်းက နေအိမ် ၁၀၀ ခန့်ကို မွှေနှောက်ပစ္စည်းတွေယူသွား

0 1
0 1

စစ်ကိုင်း၊ မေ ၂၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကြေးနီကုမ္ပဏီ လုံခြုံရေးယူဖို့လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံနေအိမ် ၁၀၀ လုံးခန့်ကို မွှေနှောက်ပစ္စည်းတွေယူသွားတယ်လို့ သိရပါတယ်။

မုံရွာ(နမခ)က ရောက်ရှိလာတဲ့ အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းဟာ မေလ ၂၈ ရက် မနက်ပိုင်းကစတင်ပြီး ကံကုန်း၊ ဂုဏ်တော၊ ဒုန်းတောကျေးရွာတွေက နေအိမ်တွေကိုဝင်ရောက်မွှေနှောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေ ယူဆောင်နေတာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

” ဒီတခေါက်လာတဲ့ စစ်ကြောင်းက တရုတ်တွေပြန်အထွက်ကို လာစောင့်ပေးတာလို့တော့သိရတယ်။ ၂၇ ရက်နေ့ညပိုင်းမှာ ဒုန်းတောဘက်ကို စဝင်လာတော့ ဒေသခံတွေကပြေးကြတယ်။ သူတို့ (စစ်ကြောင်း)က ဒုန်းတောဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး ရွာ ၃ ရွာက အိမ်တွေကို မွှေတော့တာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့တွေပါဝင်တဲ့ စစ်ကြောင်းဟာ ကျေးရွာနေအိမ်တွေက ဆိုင်ကယ် ၇ စီး၊ ဆန်အိတ် ၊ ဆီ၊ ပန်ကာ၊ ရေခဲသေတ္တာနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေကိုပါသယ်ယူပြီး စစ်ကြောင်းတပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းမှာစုပုံကာ ပြန်သယ်ဖို့လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

“စကစစစ်ကြောင်းက ဝမ်ပေါင်အတွက်မကြာခဏလာတယ်။ လာတိုင်းရွာတွေကို မွှေတယ်၊ ပစ္စည်းတွေ စိတ်ကြိုက်ယူတယ်။ ဒေသခံတွေကပြေးလိုက် ပြန်လာလိုက်ဖြစ်နေတယ်။ ခုအခေါက်က တော်တော်များတယ်သယ်ကြတာ။ ခုလိုလုပ်ရပ်ကို ဝမ်ပေါင်က တားပေးမလား၊ မတားပေးနိုင်ရင် ဝမ်ပေါင်ကို စစ်ရေးပစ်မှတ်အနေနဲ့ တိုက်ခိုက်သွားမယ်”လို့ Salingyi Border Task Force တာဝန်ရှိသူကပြောပါတယ်။

အဲ့ဒီ စစ်ကြောင်းဟာ မေလ ၂၉ ရက်နေ့ ဒီကနေ့ မနက်ပိုင်းထိ ဒုန်းတောဘုန်းကြီးကျောင်းကနေ ပြန်မထွက်သေးဘဲ ဒေသခံနေအိမ်တွေက ယူဆောင်ထားတဲ့ပစ္စည်းတွေကို စစ်သုံးကားတွေနဲ့ နမခဘက်ကို သယ်နေကြတယ်လို့ ဆိုပါတယ်။

နမခကနေ ဝမ်ပေါင်ကုမ္မဏီ ကြေးနီသယ်ကားလမ်းကြောင်းလုံခြုံရေးအတွက် တလကို ၁ ကြိမ်ကနေ ၃ ကြိမ်အထိလွှတ်လေ့ရှိပြီး လုံခြုံရေးလာရောက်တဲ့ စစ်ကြောင်းတွေဝင်ရောက်လာတိုင်း ပြည်သူပိုင်ပစ္စည်းတွေကိုဖျက်ဆီး၊ ခိုးယူတာတွေလုပ်ဆောင်တာကြောင့် အုံတုံပင်၊ ကျေးစာကျ ၊ဘိန်းနွယ်ချောင် ၊ ဂုဏ်တော၊ ဒုန်းတော၊ ကံကုန်းကျေးရွာတွေက ဒေသခံ ၇၀၀၀ လောက်ဟာ အမြဲတမ်းလိုလိုထွက် ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဧပြီလ ၂၉ ရက်နေ့မနက်ပိုင်းကလည်း ကြေးနီသယ်ကားလမ်းကြောင်းလုံခြုံရေး စစ်ကောင်စီစစ်ကြောင်းက ဒုန်းတောနဲ့ ဂုဏ်တောကျေးရွာက ကွမ်းခြံတဲ၊ နေအိမ် ၁ လုံးနဲ့ ရေစက် ၂ လုံးကို မီးရှို့ခဲ့ပြီး နေ အိမ် ၁၀ လုံးကို ဝင်မွှေကာ ပစ္စည်းတွေယူဆောင်သွားသေးတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။