ကန့်ဘလူနဲ့ မုံရွာမှာ ဗုံးကြဲလို့ ကလေး ၃ ဦးအပါ ၅ ဦးသေဆုံး

0 21
0 21

မြေလတ်အသံ၊ ဇန်နဝါရီ ၃၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မဲသည်ကျေးရွာနဲ့ မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာမှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၃ ဦးအပါ ၅ ဦးသေဆုံးခဲ့တယ်လို့ ကျေးရွာနဲ့ နီးစပ်သူတွေနဲ့ မုံရွာမြို့နယ်ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။

ဇန်နဝါရီ ၂ ရက်ည ၁၀ နာရီခန့်မှာ စစ်ကော်မရှင်ဘက်က ဂျက်ဖိုက်တာ ၁ စီးနဲ့ ကျေးရွာထဲကို ပေါင် ၃၀၀ ဗုံး ၁ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

“ဘာမှမဟုတ်ဘဲနဲ့ တိုက်ပွဲဖြစ်ချင်းမရှိဘဲ လာချသွားတာ။ ဗုံးက ရွာလယ်ခေါင်အိမ်ပေါ်တည့်တည့်ကျတာ အိမ်ကိုရှာမရတော့ဘူး။ သေဆုံးတာ မိသားစု ၃ ဦးပါတယ်။”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ပုံစာ – ကန့်ဘလူမြို့နယ် မဲသည်ရွာ လေကြောင်းတိုက်ခိုက်ခံရမှု မြင်ကွင်း။

ဗုံးပေါက်ကွဲမှုကြောင့် အသက် ၃၅ ဝန်းကျင် ကိုမင်းဌေး၊ ဇနီးဖြစ်သူ မဖြူသီနဲ့ သားဖြစ်သူ အသက် ၇ နှစ်ဝန်းကျင် မောင်ပိုင်ဇေတို့ နေရာတင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အနီးဝန်းကျင်နေအိမ်တွေက အသက် ၁၈ နှစ်ကနေ ၅၀ ကြားရှိ ကိုအောင်မင်းထွန်း၊ မနီလာဝင်း၊ ကိုကျော်ဇောဦး၊ ကိုမျိုးကျော်၊ မယမင်းသူ၊ ဦးမြဌေးနဲ့ ကိုဖိုးဇော်တို့ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၇ လုံးပျက်စီးကာ နွားနဲ့ကျွဲ ၇ ကောင်သေဆုံးတယ်လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

အိမ်ခြေ ၃၀၀ ကျော် လူဦးရေ ၁,၀၀၀ ကျော်ရှိတဲ့ မဲသည်ကျေးရွာက ဒေသခံတွေဟာ နောက်ထပ်လေကြောင်းကနေ ဗုံးလာကြဲမှစိုးရိမ်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

ပုံစာ – ကန့်ဘလူမြို့နယ် မဲသည်ရွာ လေကြောင်းတိုက်ခိုက်ခံရမှု မြင်ကွင်း။

ဇန်နဝါရီ ၂ ရက် ညနေ ၄ နာရီခန့်မှာလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာမှာ နမခက တက်လာလာတဲ့ စက်တပ်လေထီး ၁ စီးက ကျေးရွာထဲကို ဗုံး ၂ လုံးကြဲချခဲ့ရာ ရွာခံအများစုရေချိုးလေ့ရှိတဲ့ ရေတွင်းနား ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မုံရွာမြို့နယ်ပကဖတာဝန်ရှိသူတွေက ပြောပါတယ်။

“ရွာမှာက ရေရှားတာကျတော့ အဲ့ရေတွင်းနားမှာစုပြီး ရေချိုးနေကြတာ။ ဗုံးက ၂ လုံးလာကြဲတယ်။ ဂျိုင်ရိုကော်ပတာနဲ့။ ဗုံးတွေက ရေတွင်းနားကျကွဲတာ။”လို့ ပကဖတာဝန်ရှိသူက ပြောပါတယ်။

ဗုံးကျပေါက်ကွဲလို့ အသက် ၁၁ နှစ်အရွယ် ယောက်ျားလေး ၂ ဦးသေဆုံးကာ အမျိုးသမီး ၄ ဦး (အသက်နာမည်စုံစမ်းဆဲ)တို့ ဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့နယ်ပကဖ တာဝန်ရှိသူတွေထံကသိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ကျီစုကျေးရွာမှာ စစ်ရှောင်တွေနေတဲ့နေရာ ဗုံးကြဲခံရလို့ အမျိုးသမီးကြီး ၁ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။