ဝက်လက်၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးတဲ့အပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၂ ဦးသေဆုံးပြီး ဒေသခံ ၁ သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ ဝက်လက်မြို့နယ်ပကဖဆီက သိရပါတယ်။
ဒီဇင်ဘာ ၃၀ ရက်မနက် ၇ နာရီဝန်းကျင်ကစပြီး ရွှေဘိုမြို့ကနေထွက်လာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းဟာ ကျေးရွာတွေကိုစစ်ကြောင်းထိုးနေပြီးနောက် မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှာ သစ်ဆိမ့်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲချသွားတယ်လို့ဆိုပါတယ်။
“ရွာအနောက်ဘက်တောစပ်ကို ကြဲတာ။ သစ်ပင်လေးတွေခုတ်ထွင်ရှင်းလင်းနေတဲ့ တောင်သူတွေက မီးရှို့နေချိန် ဝုန်းကနဲ့ပစ်ချလိုက်တာ။ ၂ ဦးကတော့ နေရာမှာတင်ပွဲချင်းပြီးပဲ။ သူတို့ရှိတဲ့နေရာ အနီးဆုံးကျတော့ ၁ ယောက်ဆိုရုပ်ပျက်သွားတယ်”လို့ ဝက်လက်မြို့နယ်ပကဖ ပြန်ကြားရေး တာဝန်ရှိသူကပြောပါတယ်။
ဗုံးကြဲခံရလို့ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသား ၂ ဦးနေရာမှာတင်သေဆုံးပြီး အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ရွှေဘိုကထွက်လာတဲ့ စစ်ကြောင်းဟာ သစ်ဆိမ့်ရွာနဲ့ ၂ မိုင်အကွာ ရေကမိုးကျေးရွာကို ညနေပိုင်းမှာ ရောက်ရှိနေပြီး ဒီဇင်ဘာ ၃၁ ရက်မနက်ပိုင်းအထိ အဲ့ဒီရွာမှာပဲရှိနေသေးတယ်လို့ ဝက်လက်မြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
ခုလို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးတာအပြင် လေကြောင်းကနေ ပစ်ခတ်တာကြောင့် ရေကမိုး၊ သစ်ဆိမ့်၊ ထုံးဘို၊ ရှပ်ပွဲ၊ ရွာသစ်၊ လှေပွဲဆိပ်၊ သစ်ဆိမ့်ကြီး၊ ကူကြီးကျေးရွာက ဒေသခံတွေနဲ့ မတ္တရာမြို့နယ်ကတိမ်းရှောင်လာသူတွေအပါအဝင် လူဦးရေ ၁ သောင်းကျော် စစ်ဘေးရှောင်နေရ တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၉ ရက်ကလည်း ဝက်လက်မြို့နယ်၊ လိန်ပင်ကျေးရွာကို စစ်ကော်မရှင်ဘက်က ဗုံးကြဲလို့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း