နတ်တလင်းတိုက်ပွဲမှာ ဗိုလ် ၁ ဦးအပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄ ဦးနဲ့ PDF ၁ ဦးသေဆုံး

0 25
0 25

နယ်မြေရှင်းချိန် စစ်ကော်မရှင်အလောင်း ၄ လောင်းနဲ့ လက်နက်တွေသိမ်းဆည်းခဲ့

မြေလတ်အသံ၊ ဒီဇင်ဘာ ၁၆၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့ နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်း ၂ ဖက်သေဆုံးမှုရှိပြီး စစ်ကော်မရှင်တပ်တွေဆီက သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးရိုးမ PDF- ဗျူဟာ၂၂ က ဒီဇင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၂ ရက်ည ၈ နာရီကျော်မှာ အင်အား ၇၀ ပါ တပ်မ ၆၆ စစ်ကော်မရှင်တပ်သားတွေဟာ နတ်တလင်းမြို့ပေါ်ကနေ ခြေလျင်စစ်ကြောင်းထိုးထွက်လာရာ ဒမငယ်ကျေးရွာအနီးအရောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စစ်ကြောင်း စထွက်တာတွေကျ ဟိုနည်းနည်း ဒီနည်းနည်း စုပြီးကားတွေနဲ့ပို့၊ အဲ့ကနေ ခြေလျင် ဆက်တက်ကြတာပေါ့။ ပွဲဖြစ်တာက မိနစ် ၅၀ လောက်ကြာတယ်။ သေဆုံးအလောင်းတွေကို ရခဲ့တယ်။ အတို (ပစ္စတို) ၁ လက်နဲ့ အရှည် ၃ လက်သိမ်းဆည်းရခဲ့တယ်။ ကျနော်တို့ရဲဘော် ၁ ယောက်ကျတယ်။ ၁ ယောက်ဒဏ်ရာရခဲ့တယ်”လို့ ပဲခူးရိုးမ PDF – ဗျူဟာ ၂၂ မှ တာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ နတ်တလင်းမြို့ပေါ်ကိုပြန်ဆုတ်သွားပြီးနောက် နယ်မြေရှင်လင်းလင်းရေးလုပ်ချိန် ၁ ပွင့်ဗိုလ် ၁ ဦး၊ တပ်သား ၂ ဦးတို့ရဲ့ ရုပ်အလောင်းတွေနဲ့ ၎င်းတို့ ကိုင်ဆောင်တဲ့ သေနတ် ၃ လက်တို့ကို သိမ်းဆည်းရရှိခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဒမငယ်ရွာတိုက်ပွဲကနေ လူစုကွဲထွက်ပြေးခဲ့တဲ့တဲ့ စစ်ကော်မရှင်တပ်သား ၁ ဦးကိုလည်း ဒီဇင်ဘာ ၁၄ ရက်မနက် ၆ နာရီကျော်မှာ အဲဒီကျေးရွာအနီးပစ်ခတ်မှုဖြစ်ချိန် သေဆုံးပြီး အလောင်းနဲ့ သေနတ် ၁ လက်ကို သိမ်းဆည်းရရှိခဲ့သေးတယ်လို့ အထက်ပါ တာဝန်ခံကပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဆီကနေ စုစုပေါင်းသေဆုံးရုပ်အလောင်း ၄ လောင်းနဲ့ ပစ္စတို ၁ လက်၊ MA 1- ၁ လက်၊ MA 11- ၁ လက်၊ MA 5- ၁ လက်နဲ့ စကားပြောစက်၊ ကျည်ဘောက်၊ ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို အမှတ်၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ သာယာဝတီခရိုင် တပ်ရင်း -၁၊ တပ်ခွဲ ၂၊ ၃၊ ၄၊ ၆၊ ၇၊ တပ်ရင်းဒရုန်းတပ်ဖွဲ့၊ သာယာဝတီခရိုင်တပ်ရင်း -၂၊ တပ် ခွဲ -၁၊ နတ်တလင်း ပကဖ၊ ဇီးကုန်း ပကဖ၊ Spring Bees UAV Forceတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၃၀ ရက်ကလည်း လက်ပံတန်းမြို့နယ်၊ သရက်ကုန်းရွာရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်ကို ဗျူဟာ ၂၂ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်တိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်း ဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။