myaelatt athan

Sharing Information to the Local

၃ ပတ်ကျော်အတွင်း စစ်ကောင်စီစစ်ကြောင်းက နေအိမ် ၇၀၀ ဝန်းကျင်ကိုမီးရှို့ပြီး ဒေသခံ ၁၆ ဦးကိုသတ်ခဲ့

ရေစကြို၊ မတ် ၂၅၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ မတ် ၂ ရက်ကနေ မတ် ၂၄ ရက်အထိ နေအိမ် ၇၀၀ ကျော်မီးရှို့ခံရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးနဲ့ ဒေသခံ ၁၆ ဦးအသတ်ခံခဲ့ရတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဖေဖော်ဝါရီနောက်ဆုံးပတ်လောက်မှာ ရေစကြိုမြို့နယ်ထဲကိုရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၁ ရက်မှာ မြေစွန်းတော်ရွာကို စတင်ဝင်ရောက်ပြီးနောက် ဇရပ်နီ၊ မာလကာခြံရွာ၊ သာဂေါင်ရွာလေး၊ သာဂေါင်ရွာကြီး၊ ပန်းညို၊ မြေတော်၊ ဘိစပ်ကုန်း၊ ငသရော်၊ တောင်ကုန်း၊ ကံဦးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် မီးရှို့ သတ်ဖြတ်ခဲ့ကြတာလို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်လို့ မီးရှို့တာမဟုတ်ဘူး။ ဒီကောင်တွေက ရွာတွေကိုဝင်ရင် ညဘက်ဝင်တယ်။ သေနတ်တွေ ဖောက်တယ်။ လူတွေဖမ်းတယ်။ သတ်တယ်။ မီးရှို့တယ်။ အိမ်ခြေပဲ ၇၀၀ ဝန်းကျင်လောက်ရှိပြီး။ ဒေသခံတွေသေတာလည်းရှိတယ်”လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့လို့ မြေစွန်းတော်ကျေးရွာ အိမ်ခြေ ၂၆၆ လုံး၊ ဇရပ်နီကျေးရွာက အိမ်ခြေ ၆၈ လုံး၊ သာဂေါင်လေးကျေးရွာက ၂၀ လုံး၊ မြေတော်ကျေးရွာက ၂၇၂ လုံး၊ ဘိစပ်ကုန်းနဲ့ ငသရော်ကျေးရွာက တဲတိုက်အလုံး ၂၀ ခန့် စုစုပေါင်း ၆၄၆ လုံး မီးလောင်ပျက်စီးတာကို စာရင်းကောက်ယူထားနိုင်ပြီး စာရင်းမကောက်နိုင်သေးတာတွေလည်းရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြေစွန်းတော်ရွာက အသက် ၃၅ ကနေ ၈၈ အရွယ် အမျိုးသား ၇ ဦး၊ အသက် ၆၀ နဲ့ ၈၆ နှစ်အရွယ်အမျိုးသမီး ၂ ဦး၊ မာလကာခြံရွာက အသက် ၅၀ နဲ့ ၇၀ အရွယ်အမျိုးသား ၂ ဦး၊ သာဂေါင်လေးရွာက ၆၅ နှစ်အရွယ်အမျိုးသား ၁ ဦး၊ သာဂေါင်(ရွာမ)က အသက် ၄၂ နှစ်နဲ့ ၉၁ နှစ်အရွယ် အမျိုုးသား ၂ ဦး၊ အသက် ၇၀ အရွယ် အမျိုးသမီး ၁ ဦး၊ အချက်အလက် အတည်မပြုနိုင်သေးတဲ့ အမျိုးသား ၁ ဦး နဲ့ ရေလယ်ကျွန်းစစ်ကြောင်းက တပ်ဖွဲ့ဝင် မျိုးစစ်သည် တို့လည်း အသတ်ခံခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ ကျေးရွာ ၇ ရွာနဲ့ နီးစပ်ရာကျေးရွာက စုစုပေါင်း ၁၃ ရွာက ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

မတ် ၂၅ ရက်ဒီနေ့အထိ စစ်ကြောင်းဟာ ရေစကြိုမြို့နယ်ထဲက ကံဦးနဲ့ တောင်ကုန်းရွာတို့အနီး တပ်စွဲနေတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။