စလင်း၊ သရက်တောရဲစခန်း စီးနင်းတိုက်ခိုက်ခံရလို့ စစ်အုပ်စုဘက်က ၅ ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရ

0 2
0 2

စစ်ကိုင်း၊ မေ ၁၂၊ ၂၀၂၃။

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သရက်တောနယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်အုပ်စုဘက်က ၅ ဦး သေဆုံးပြီး ၁၁ ဦးထက်မနည်းဒဏ်ရာရရှိတယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းဆီက သိရပါတယ်။

အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့တွေတပ်စွဲထားတဲ့ သရက်တောနယ်မြေရဲစခန်းကို မေလ ၁၀ ရက် မနက် ၃ နာရီခန့်မှာ PDF တွေဘက်ကတိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းတိုက်ခိုက်မှုနဲ့ စစ်ကူဖြတ်တောက်ရေးပိုင်းအတွက် အဖွဲ့ ၃ ဖွဲ့ခွဲပြီး တိုက်ခိုက်ခဲ့တာလို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းတာဝန်ခံ ဗိုလ်မိုးကြိုးက မြေလတ်အသံကို ပြောပါတယ်။

“မနက် ၂ နာရီ စတိုက်ဖို့စီစဉ်ထားတာကနေ မိုးရွာသွားတာနဲ့ လမ်းကြောင်း အခြေအနေကြန့်ကြာသွားတာကြောင့် ၃ နာရီမှာစတိုက်ဖြစ်တယ်။ ၄၅ မိနစ်တိုက်မယ်ဆိုပြီး သတ်မှတ်ထားတာ ၁ နာရီလောက် ကြာသွားတယ်။ အဓိကပင်မပစ်မဲ့ ရှော့တိုက်ဒုံးက မိုးရွာပြီး မိုးစိုသွားတော့ error တက်သွားတာ။ ပစ်မှတ်ကိုမထိလိုက်ဘူး၊ တောင်နံရံကိုမှန်ပြီးတော့ ရှော့တိုက်ဒုံးကမပေါက်သွားဘူး” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ရဲစခန်းဂတ်စာရေး ရဲတပ်ကြပ် ၁ ဦးအပါအဝင် ရဲ ၃ ဦး၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၁၁ ဦးထက်မနည်းဒဏ်ရာရရှိကာ PDF တွေဘက်ကလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“RPG တွေ၊ လက်နက်ငယ်တွေနဲ့ပစ်ပြီးတော့ စခန်းထဲအထိဝင်တာ။ သူတို့ဘက်က ပြန်မပစ်တော့ဘဲ လုံးဝငြိမ်သွားတဲ့အချိန် စခန်းသိမ်းနိုင်တယ်ဆိုပြီး ရှင်းလင်းရေးတက်လုပ်တာ။ အောက်ထပ်အကုန်လုံး ရှင်းလင်းရေးလုပ်ပြီး အပေါ်ထပ်ကိုအတက်မှာ ဒေါင့်ခန်းကကျန်နေတဲ့ ၁ ကောင်ကပစ်လို့ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရရှိမှုတွေဖြစ်ခဲ့တာ” လို့ သူကဆက်ပြောပါတယ်။

စခန်းတွင်းဝင်ရောက်ရှင်းလင်းချိန်မှာ စစ်အုပ်စုဘက်က သေဆုံးမှုတွေကိုမျက်မြင်တွေ့ရှိခဲ့ရပြီး ရှင်းလင်းပြီးတဲ့နောက် ရဲစခန်းရုံးအဆောက်အဦ၊ ဆိုင်ကယ်စတန်းနဲ့ ရုံးပိုင်းဆိုင်ရာစာရွက်စာတမ်းတွေကို မီးရှို့ ဖျက်စီးနိုင်ခဲ့သလို လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ သရက်တောရဲစခန်းဝင်တိုက်ခိုက်ခံရမှုမှာ ရဲတပ်ကြပ် မျိုးညွန့် သေဆုံးပြီး ဒုရဲအုပ် ကျော်သက်၊ ရဲတပ်သား မျိုးကျော်သူတို့ ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဖော်ပြထားပါတယ်။

စလင်းမြို့နယ်၊ သရက်တောဒေသခံတွေကတော့ ရဲစခန်းတိုက်ခိုက်ခံရတာမှန်ကန်ပြီး တိုက်ပွဲအတွင်း စစ်အုပ်စုဘက်ထိခိုက်သေဆုံးဒဏ်ရာရတွေများပြားကာ သရက်တောတိုက်နယ်ဆေးရုံမှာ ဆေးကုသနေရတယ်လို့ဆိုပါတယ်။

သရက်တောရဲစခန်းတိုက်ခိုက်ခံရပြီးတဲ့နောက် ဒီကနေ့မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်က စလင်းမြို့ နယ်အတွင်း ပုသိမ်-မုံရွာလမ်း အနောက်ဘက်ဒေသတွေကို အင်အား ၃၀၀ ခန့်နဲ့ စစ်ကြောင်းထိုးဖို့ လုပ်ဆောင်နေပြီး ကုန်းကြားရွာမှာလည်း စစ်ဆေးရေးတွေလုပ်နေတယ်လို့ သိရပါတယ်။

စလင်းမြို့နယ်ဟာ တပ်မ ၁၀၁ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခလရ ၂၅၃၊ ၂၅၄ ၊ ၂၅၅ တပ်တွေ အခြေစိုက်တဲ့မြို့ဖြစ်ပြီး တိုက်ခိုက်ခံခဲ့ရတဲ့ သရက်တောနယ်မြေရဲစခန်းရဲ့ အနောက်မြောက်ဘက် ၁၅ မိုင်ခန့်အကွာမှာ ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမအခြေစိုက် ကပစ ၂၁ တပ် တည်ရှိတာလည်းဖြစ်ပါတယ်။

စာတည်း- ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။