မြင်းမူနယ်၊ လက်ထုတ္တောရွာက အိမ်ခြေ ၆၀၀ လောက်ကို မသင်္ကာလို့ဆိုပြီး စစ်တပ်ကမီးရှို့

0 1
0 1

မြင်းမူ၊ မေ ၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာကို စစ်ကောင်စီတပ်သားတွေက မေလ ၆ ရက်မနေ့ကမနက် ၉ နာရီလောက်မှာ ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၆၀၀ လောက် မီးလောင်ပျက်ဆီးခဲ့ပါတယ်။

အင်အား ၁၀၀ နီးပါးပါတဲ့ အဲ့ဒီစစ်ကြောင်းဟာ မေလ ၅ ရက်က မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးကင်းကျေးရွာအကြားမှာ မိုင်းဆွဲခံခဲ့ရကာ၊ အဲ့ဒီကတဆင့် ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာမှာ ဝင်ရောက်တပ်စွဲပြီး မနေ့ကမနက်ပိုင်းကျမှ လက်ထုတ္တောရွာထဲကို ဝင်ရောက်မီးရှို့ခဲ့တာလည်း ဖြစ်ပါတယ်။

“သူတို့စစ်ကြောင်း မိုင်းဆွဲခံရတဲ့နေရာ မုံရွာ − မန္တလေးကားလမ်းမဘေးတလျှောက်မှာရှိတဲ့ ရွာတွေကို လိုက်စစ်တယ်။ အဲဒီထဲမှာမှ လက်ထုတ္တောရွာကို သူတို့မသင်္ကာလို့ဆိုပြီး ဝင်ပြီမီးရှို့တယ်။ ပထမတကြိမ် မြောက်ပိုင်းကိုမီးရှို့တယ်။ မီးရှို့ပြီးတော့ပြန်ထွက်တဲ့အချိန်မှာ ရွာနဲ့မလှမ်းမကမ်းလောက်မှာ ထပ်ပြီမိုင်းမိတယ်။ မိုင်းမိတော့ အဲဒီရွာထဲကိုပြန်ဝင်လာပြီး ဒုတိယအကြိမ် မီးထပ်ရှို့တယ်”လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM မှ ကိုနွေဦး က ပြောပါတယ်။

အိမ်ခြေ ၇၀၀ နီးပါးရှိတဲ့ လက်ထုတ္တောရွာဟာ အခုလိုမီးရှို့ခံရတာ ပထမအကြိမ်ဖြစ်ပါတယ်။ အဲံဒီစစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာမီးရှို့ပြီးနောက် မေလ ၅ ရက်မနက် ၁၀ နာရီလောက်မှာ နတ်ရေကန်ကျေးရွာထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ထုတ္တောကျေးရွာထဲကိုဝင်ရောက်လာချိန် လက်နက်တွေပစ်ခတ်ခဲ့လို့ ဒေသခံ ၂ ဦး လက်နက်ထိမှန်ခဲ့သလို နောက်ထပ်ရွာသား ၂ ဦးလည်း မီးလောင်သေဆုံးခဲ့တယ်လို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပြီး၊ သူတို့နဲ့ပက်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။