တောင်ငူမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်

0 2
0 2

တောင်ငူ၊ မေ ၅၊ ၂၀၂၃။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ စစ်ကောင်စီရိက္ခာယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ထိခိုက်မှုတွေရှိတယ်လို့ တောင်ငူခရိုင်၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၅၀၂၊ တပ်ခွဲ ၂ က သတင်းထုတ်ပြန်ပါတယ်။

တောင်ငူမြို့နယ်၊ လေးအိမ်စုရွာနဲ့ ထုံးဘိုရွာကြားမှာ မေလ ၃ ရက်နေ့ ညနေ ၃ နာရီလောက်မှာ တောင်ငူကနေ လိပ်သိုဘက်ကိုလာတဲ့ စစ်ကောင်စီထောက်ပို့ကား ၁၀ စီးပါယာဉ်တန်းကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“ ရိက္ခာပို့တဲ့ကားတန်းထဲက ၁ စီးကို ကျနော်တို့က လက်နက်ငယ်တွေနဲ့ ၂ ဘက်ညှပ်ပစ်ကြတာ။ ကားတစီးလုံးလည်း စုတ်ပြတ်သွားတယ်။ ပစ်ခတ်ချိန်က ၅ မိနစ်လောက်ပဲရှိတာ၊ အဲ့အချိန်မှာ စစ်ယာဉ်တန်းကို လမ်းကင်းလုံခြုံရေးယူပေးနေတဲ့ စစ်သားတွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ဆုတ်ခွာခဲ့လိုက်ရတယ်။ ရိက္ခာကားပေါ်ကစစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရသွားတယ်” လို့ ပူးပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတဦးကပြောပါတယ်။

တိုက်ခိုက်ခံရလို့ ရိက္ခာကား ၇ စီးသာ လိပ်သိုဘက်ကိုဆက်ထွက်သွားပေမယ့် ပစ်ခတ်ခံရတဲ့ကား ၁ စီးကို ကျန်တဲ့ကား ၂ စီးကဆွဲပြီး ဒဏ်ရာရစစ်သားတွေကိုတင်ကာ တောင်ငူဘက်ကို လှည့်ပြန်သွားတယ်လို့ ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၅၀၂ – တပ်ခွဲ ၁ နဲ့ ၂ တို့က KNLA နဲ့ပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်ကလည်း တောင်ငူခရိုင်ထဲက ရေတာရှည်မြို့နယ်၊ မိကျောင်းအိုင်အုပ်စု၊ ရွှေသောင်ရွာသစ်နဲ့ ရွာဟောင်းအပြင် ရတနာကျောက်ပုံ ကျေးရွာတလျောက်မှာ စစ်ကောင်စီတပ်နဲ့ KNLA၊ PDFပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း – 007

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။