မြေလတ်အသံ၊ ဒီဇင်ဘာ ၂၊ ၂၀၂၅။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ရှိ စစ်ကော်မရှင်တပ်စခန်းတခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးရိုးမ PDF ဗျူဟာ-၂၂ က ပြောပါတယ်။
လိပ်ဥကုန်းလမ်း၊ မဒေါ့၊ သရက်ကုန်း၊ ပြည်တော်သာအာရှလမ်းမရဲ့ လမ်းဆုံရှိ ကျောက်တွင်းရွာမှာ အင်အား ၂၀ ဝန်းကျင်အထိုင်ချထားတဲ့ စစ်ကော်မရှင်ဂိတ်စခန်းကို ဗျူဟာ – ၂၂ ကွပ်ကဲမှုအောက်ရှိ အမှတ်-၃၈၀၂ တပ်ရင်း တပ်ခွဲ ၂၊ ရွှေတန်းမြေ-ပကဖ၊ လက်ပံတန်းမြို့နယ်-ပကဖအထူးတိုက်ခိုက်ရေး အဖွဲ့တို့က နိုဝင်ဘာ ၃၀ ရက်မနက်ပိုင်းမှာတိုက်ခိုက်ခဲ့တာပါ။


“စခန်းမှာ ရန်သူက ၁၀ ယောက်၊ ၁၅ ယောက်ဝန်းကျင်ရှိပါတယ်။ တခြားလက်နက်တွေက ရန်သူက ပြန်ဆွဲပြီး ပြေးကြတာပေါ့။ တိုက်ပွဲ ကြာချိန်က ခန့်မှန်း နာရီဝတ် ၁ နာရီနီးပါးကြာမြင့်ပါတယ်” လို့ ပဲခူးရိုးမ PDF- ဗျူဟာ၂၂ တာဝန်ခံက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားအလောင်း ၅ လောင်း၊ ကာဘိုင် ၁ လက်၊ MA-1 ၁ လက်၊ 5.56 ကျည် ၁၅၀ တောင့်နဲ့ မိုဘိုင်းဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ သာယာဝတီခရိုင် တပ်ရင်း (၃၈ဝ၂) တပ်ခွဲ ၂ တာဝန်ရှိသူက ပြောပါတယ်။

“ဂိတ်စခန်းမှာတော့ အင်အားက ၂၀ ကျော် ၃၀ လောက်ရှိမယ်ဗျ။ မနက်စောစောစီးစီး ဆိုတော့ ပြန့်ကျဲနေတာပေါ့။ ကျနော်တို့လည်း ဝင်ရောက်စီးနင်းတဲ့အချိန်ကျရော အကုန်ပြေးကြတာပေါ့ဗျာ။ ပြေးတာကိုလည်း ကျနော်တို့တော်တော်လှမ်းလှမ်းကို လိုက်ရတယ်ဗျ။ သေဆုံးတဲ့ကောင်တွေက လယ်ကွင်းအစပ်တွေမှာက ၄ ကောင်ဗျ။ ဂိတ်ထဲမှာက ၁ ကောင်ဗျ။ စုစုပေါင်း ၅ ကောင်ပေါ့”လို့ တပ်ရင်း (၃၈ဝ၂) တပ်ခွဲ ၂တာဝန်ရှိသူက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီနီးပါးအကြာမှာ ဂိတ်စခန်းရှိကျန်ရှိနေသေးတဲ့ စစ်ကော်မရှင်တပ်သားတွေက ၎င်းစခန်းနဲ့အနီးဝန်းကျင်မှာရှိတဲ့ မှော်အင်းနဲ့ သာယာကုန်းရွာစခန်းတို့ဆီကို ထွက်ပြေးသွားခဲ့ကြတယ်လို့ သူက ဆိုပါတယ်။
ပဲခူးရိုးမ PDF-ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ခွဲတွေ၊ ပကဖတပ်ဖွဲ့တွေအနေနဲ့ အခုလိုမျိုး စစ်ကောင်စီတပ်စခန်းတွေကို ထပ်မံပြီးတိုက်ခိုက်နိုင်ဖို့အတွက် လက်နက်နဲ့ကျည်ဆံတွေ လိုအပ်လျှက်ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ ဗျူဟာ-၂၂ တဆင့် ထောက်ကူပေးနိုင်တယ်လို့လည်း တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၂၃ ရက်မနက်ပိုင်းကလည်း ကြို့ပင်ကောက်မြို့နယ်၊ ကြည်စုရွာအနီးရှိ စစ်ကော်မရှင်တပ်ရဲ့စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးနဲ့ ပြည်သူစစ် ၄ ဦး စုစုပေါင်း ၅ ဦးသေဆုံးသွားပြီး သူတို့ကိုင်ဆောင်တဲ့ ဘီအေ ၆၃ ၁ လက်၊ ဘီအေ ၆၄ ၁ လက်၊ အမ်အေ ၁၃ ၁ လက်တို့ကိုပါသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။
စာတည်း – လင်း