မကွေး၊ နိုဝင်ဘာ ၂၅၊ ၂၀၂၅။
မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်ထဲက ကျေးရွာ ၅ ရွာကို စစ်ကော်မရှင်စစ်ကြောင်းတွေက နိုဝင်ဘာ ၁၈ ကနေ ၂၄ ရက်အတွင်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကပစ ၂၄ ကထွက်လာတဲ့ အင်အား ၂၀၀ ကျော်ပါစစ်ကော်မရှင်စစ်ကြောင်းက နိုဝင်ဘာ ၁၈ ရက်မှာ ပေါက်မြို့နယ်၊ တယ်ပင်ရွာနဲ့ နိုဝင်ဘာ ၂၃ ရက်မှာ ကျောက်မဲတောင်ရွာတို့ကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
“ကပစ ၂၄ အနီးတဝိုက်မှာပဲ ရှိနေသေးတယ်။ ကျောက်မဲတောင်ကို မီးရှို့ပြီးမှ ပြန်ဆုတ်သွားတာပါ။”လို့ ဒေသခံတဦးက ဆိုပါတယ်။


အခုလိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိ ကျောက်မဲတောင်ရွာက နေအိမ် ၁၅ လုံး၊ အိမ်ခြေ ၈၀ ရှိ တယ်ပင်ရွာက နေအိမ် ၇ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကြောင်းက ကပစ ၂၄ အနီးရှိ မျှားပိုင်းကျေးရွာအနီးမှာရှိနေပြီး စစ်ကြောင်းကြောင့် သီးခြောက်၊ သရဖီ၊ လယ်လန်း၊ မြေခြား၊ သရက်လေးပင်၊ သပွတ်စု၊ တောင်ချို၊ ဒေါင်းသာ၊ ကျောက်ကား၊ ကျားသိုက်၊ ခင်တန်းရှည်၊ ဆင်ဇာ၊ ပလောင်း၊ ကျောက်မဲတောင်၊ ကျောက်တံခါး၊ ခင်အေး၊ မျှားပိုင်း၊ အုန်းမှင်၊ တယ်ပင်၊ မကျီးကုန်း၊ ယောကုန်း၊ ထန်းပင်ချောင်းစတဲ့ ကျေးရွာက ဒေသခံတွေလည်း တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


ဒါ့အပြင် အဆိုပါစစ်ကြောင်းဟာ အောက်တိုဘာလနောက်ဆုံးပတ်ကစလို့ ပေါက်မြို့နယ်တောင်ပိုင်း လယ်လန်းက နေအိမ် ၃ လုံး၊ သရဖီကျေးရွာက နေအိမ် ၃၇ လုံး၊ သီးခြောက်ကျေးရွာက နေအိမ် ၁၀ လုံး၊ ဆင်ဇာရွာက နေအိမ် ၆ လုံး၊ ကျောက်ကာစစ်ရှောင်စခန်းက နေအိမ် ၃၀ ကိုမီးရှို့ပြီး ပြည်သူ ၅ ဦးကိုသတ်ကာ ၅ ဦးကိုဖမ်းဆီးခဲ့သေးတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အလားတူ နိုဝင်ဘာ ၂၄ ရက် မနေ့ကညနေဘက်မှာ မြိုင်မြို့နယ်၊ တဲကြီးကျေးရွာကို ရောက်နေတဲ့ စစ်ကြောင်းက ရွာထဲကနေအိမ်တွေကိုမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။


တဲကြီးကျေးရွာကို ရောက်ရှိနေတဲ့စစ်ကြောင်းဟာ နိုဝင်ဘာ ၂၃ ရက်မှာ တဲကြီးကျေးရွာနဲ့ ၂ မိုင်ခန့်အကွာရှိ ပေါက်မြို့နယ် နယ်သတ်ရွာက နေအိမ် ၂ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး မနေ့ကညနေပိုင်းမှာ ဒေသတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီးနောက် တဲကြီးရွာကိုမီးရှို့ခဲ့တာလို့ သိရပါတယ်။
“ထပ်ရှို့တယ် သိရတာ။ စစ်ကြောင်းက အဲ့ရွာထဲမှာရှိနေတာဆိုတော့ ဘယ်လောက်လောင်တယ် ဘယ်လောက်ကုန်သွားတယ်ဆိုတာကို ကျနော်တို့ကသေသေချာချာ သိလို့မရဘူး။ မနေ့ကလည်း ရှို့တယ် “လို့ ဒေသခံတဦးက ဆိုပါတယ်။
နိုဝင်ဘာ ၂၅ ရက်ဒီမနက်ပိုင်းမှာတော့ တဲကြီးရွာကိုရောက်နေတဲ့စစ်ကြောင်းက ရွာရဲ့ တောင်ဘက်ပိုင်း ဆီကို အထွက်ပြနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


တမခ ၁၀၁၊ ခလရ ၄၁၈ နဲ့ ခလရ ၄၁၉ ကစစ်ကော်မရှင်တပ်သားတွေပါဝင်ပြီး မြိုင်နဲ့ ပေါက်မြို့နယ်အစပ်ရှိ တဲကြီး၊ နသတ်၊ ကံသတ်၊ ကမ္ဘားဖြူ၊ ကျောက်ခွက် စတဲ့ကျေးရွာတွေကို နို၀င်ဘာ ၁၉ ရက်ကစလို့ စစ်ကြောင်းထိုးကာ ကျေးရွာတွေကိုမီးရှို့နေပြီး ဒေသခံကာကွယ်ရေးတပ်တွေနဲ့လည်း မကြာခဏထိတွေ့ ပစ်ခတ်မှုတွေဖြစ်နေတာပါ။
စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅၊ မေလကုန်ပိုင်းအထိ မကွေးတိုင်းအတွင်းက အရပ်သားနေအိမ်ပေါင်း ၁၆,၄၇၀ လုံး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ သုသေသနအဖွဲ့တခုဖြစ်တဲ့ Data for Myanmar ရဲ့ နိုဝင်ဘာ ၂၂ ရက်ထုတ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စာတည်း – လင်း