⁨ထိုင်းမှာ အသက် ၆၅ နှစ်အရွယ် သေဆုံးပြီးအဖွားအို မီးသင်္ဂြိုဟ်ခါနီးမှာ ပြန်အသက်ရှင်လာ

0 57
0 57

မြေလတ်အသံ၊ နိုဝင်ဘာ ၂၄၊ ၂၀၂၅။

ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်၊ ဘန်ယိုင်မြို့နယ်ရှိ ပရာကောင်ထမ်ဘုန်းကြီးကျောင်းမှာ မီးသင်္ဂြိုဟ်မယ့် အသက် ၆၅ နှစ်အရွယ်အဖွားအိုတဦး အသက်ပြန်ရှင်လာခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့ ထိုင်းဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဦးနှောက်ကင်ဆာနဲ့ မှတ်ဉာဏ်ချို့ယွင်းရောဂါကြောင့် ၂ နှစ်ခန့်ကြာအိပ်ယာထဲလဲနေတဲ့ အဲ့ဒီ အဖွားအိုဟာ နိုဝင်ဘာ ၂၃ ရက် မနေ့က မနက် ၂ နာရီခန့်က Phitsanulok ပြည်နယ်မှာ ကွယ်လွန်ခဲ့ပြီးနောက် ၎င်းရဲ့မောင်ဖြစ်သူက သက်ဆိုင်ရာတာဝန်ရှိသူတွေထံက သေဆုံးကြောင်းထောက်ခံချက်ယူပြီး ခန္ဓာကိုယ်လှူဒါန်းရန် နွန်ထဘူရီရှိ ချူလာလောင်ကွန်းဆေးရုံကို သယ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ချူလာလောင်ကွန်းဆေးရုံက ရုပ်အလောင်းလက်ခံဖို့ သတ်မှတ်ချက်နဲ့မကိုက်ညီတာကြောင့် နွန်ထဘူရီခရိုင်၊ ဘန်ယိုင်မြို့နယ်ရှိ အခမဲ့မီးသင်္ဂြိုဟ်ပေးတဲ့ ပရာကောင်ထမ်ဘုန်းကြီးကျောင်းကို သယ်ဆောင်ကာ အဲ့ဒီနေ့ညနေပိုင်းမှာ မီးသင်္ဂြိုဟ်ဖို့စီစဉ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် မီးသင်္ဂြိုဟ်ဖို့အတွက် ဘုန်းကြီးကျောင်းမှ တာဝန်ရှိသူတချို့က အခေါင်းကိုဖွင့်နေချိန် အခေါင်းအတွင်းမှ ထုရိုက်သံကြားခဲ့ရလို့ အခေါင်းကို အလျင်အမြန်ဖွင့်ကြည့်ခဲ့ရာ အဖွားအို အသက်ရှင်လျက်ရှိကြောင်းတွေ့ရှိရတာကြောင့် ကျောင်းထိုင်ဆရာတော်ရဲ့ ညွှန်ကြားချက်နဲ့ ဘန်ယိုင်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အခေါင်းကိုဖွင့်ကြည့်ချိန်မှာ အဖွားအို အသက်ရှူနေသေးတာကိုတွေ့ရှိခဲ့ရကာ ခေါင်းညိတ်နိုင်သော်လည်း ခရီးပန်းလာတဲ့လက္ခဏာတွေတွေ့ရှိခဲ့ရပြီး မေးခွန်းတွေကိုပြန်မဖြေနိုင် စကားမပြောနိုင်ဖြစ်နေခဲ့တယ်လို့လည်း ဆိုပါတယ်။

အဖွားအိုအသက်ပြန်ရှင်လာတာကြောင့် မောင်ဖြစ်သူမှာ ဝမ်းသာပီတိဖြစ်နေပြီး ကျောင်းထိုင်ဆရာတော်နဲ့ ဘန်ယိုင်ခရိုင်သံဃာအဖွဲ့အစည်းကို ကျေးဇူးတင်ကြောင်း၊ လာရောက်ဖူးမြော်ဦးမည်ဖြစ်ကြောင်း ကနဦး ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

Ref; Matichoi, Khaosod

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။