5 October 2026 7:04 PM

မြောက်လန်ဒန်ဒါဘီမှာ ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့တဲ့ အာဆင်နယ် (အားကစားသတင်း)

0 21
0 21

မြေလတ်အသံ၊ နိုဝင်ဘာ ၂၄၊ ၂၀၂၅။

ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ တနင်္ဂနွေည နောက်ဆုံးပွဲဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးတို့ရဲ့ မြောက်လန်ဒန်ဒါဘီမှာ အာဆင်နယ်အသင်းက ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။

ကွင်းတွင်းကွင်းပြင် ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိကြတဲ့ မြောက်လန်ဒန်ဒါဘီမှာ အာဆင်နယ်က အဓိကတိုက်စစ်မှူး ယောခရက်ဇ် ဒဏ်ရာရနေလို့ မာရီနိုကို တိုက်စစ်နေရာမှာ ပွဲထွက်စေခဲ့ပြီး နောက်ခံလူ ဂါဘရီရယ်လည်း ဒဏ်ရာရနေတာကြောင့် ဟင်ကာပီ က ပွဲထွက်ကစားခဲ့တာပါ။

စပါးအသင်းကတော့ ရစ်ချာလီဆန်၊ အိုဒါဘာ့တ်၊ ကူဒက်စ် တိုက်စစ်အတွဲနဲ့ပွဲထွက်လာခဲ့ပြီး အဓိက ကစားသမားတချို့ဖြစ်တဲ့ မက်ဒီဆန်၊ ဘစ်ဇူးမား၊ ကူလူဆက်စကီးနဲ့ ဆိုလန်ကီတို့ ဒဏ်ရာကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ပထမပိုင်းအစောပိုင်းမှာ အာဆင်နယ်အသင်း ဂိုးရရှိဖို့ရုန်းကန်ခဲ့ရပြီး စပါးက ခံစစ်အသားပြုကစားခဲ့တာကြောင့် အာဆင်နယ်တိုက်စစ်လမ်းကြောင်းဖော်ဆောင်ရာမှာ ထိရောက်မှုမရှိခဲ့ဘဲ ပွဲကစားချိန် ၃၆ မိနစ်မှာတော့ မီခေးလ် မာရီနိုရဲ့ ဖန်တီးပေးမှုကနေ တောင်ပံကစားသမား ထရောဆက်ခက်ခက်ခဲခဲ ဂိုးသွင်းနိုင်ခဲ့လို့ အာဆင်နယ်အသင်း စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် နောက်ထပ် ၅ မိနစ်အကြာမှာပဲ ဒက်ကလန်ရိုက်စ်ရဲ့ ဖန်တီးမှုကနေတဆင့် အက်ဇီးက နောက်ထပ်ဦးဆောင်ဂိုးရယူနိုင်ခဲ့ကာ ပထမပိုင်းအပြီး ၂-၀ နဲ့ အိမ်ရှင်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းစစချင်း ၄၆ မိနစ်မှာပဲ အာဆင်နယ်က တတိယမြောက်ဦးဆောင်ဂိုးကို အက်ဇီးကပဲ ထပ်မံသွင်းယူခဲ့လို့ ၃ ဂိုးပြတ်နဲ့ဦးဆောင်ထားနိုင်ခဲ့ကာ ပွဲကစားချိန် ၅၅ မိနစ်မှာ အာဆင်နယ်ကွင်းလယ်လူ ဇူဘီမန်ဒီရဲ့ အမှားကနေတဆင့် စပါးတိုက်စစ်မှူး ရစ်ချာလီဆန်က ကွင်းလယ်ကနေ အဝေးကန်ချက်နဲ့လှလှပပ ကန်သွင်းနိုင်ခဲ့လို့ စပါးအသင်း ချေပဂိုး ၁ ဂိုး စတင်ရရှိခဲ့ပါတယ်။

အဲ့ဒီနောက် စပါးကပဲ ဆက်လက်ဖိအားပေး တိုက်စစ်ဆင်နေခဲ့ပေမယ့် ပွဲကစားချိန် ၇၆ မိနစ်မှာ ထရောဆက်ရဲ့ ဖန်တီးမှုကနေတဆင့် အက်ဇီးကပဲ သူ့ရဲ့ ဟက်ထရစ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီး အာဆင်နယ်က ၄ ဂိုး ၁ ဂိုးနဲ့ ပွဲကိုဆက်လက်ထိန်းချုပ်ကစားသွားခဲ့ကာ ပွဲပြီးတဲ့အထိ ဂိုးပြတ်အနိုင်ရလဒ်ကို ရယူသွားနိုင်ခဲ့တာပါ။

ဒီရာသီ ချန်ပီယံပြေးလမ်းမှာ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့ ရှုံးပွဲတွေ့ကြုံနေရချိန်မှာ အာဆင်နယ်အသင်းက ရရှိလာတဲ့အခွင့်အရေးကို အမိအရ ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။

နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ဒဏ်ရာရကစားသမားတွေကြောင့် ရုန်းကန်ရလေ့ရှိတဲ့ အာဆင်နယ်အသင်းအတွက် မြောက်လန်ဒန်ဒါဘီနိုင်ပွဲဟာ အဖိုးတန်နိုင်ပွဲဖြစ်ပြီး ဒီနိုင်ပွဲကြောင့် အဆင့် ၁ နေရာကနေ အဆင့် ၂ က ချဲလ်ဆီးကို ၆ မှတ်ဖြတ်ထားကာ အမှတ်ပေးဇယားကို ဦးဆောင်နေဆဲဖြစ်ပါတယ်။

စပါးအသင်းကတော့ အဆင့် ၉ နေရာကို ယာယီရောက်ရှိနေပြီး မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်တို့ယှဉ်ပြိုင်ရမယ့် ပွဲစဉ် ၁၂ လက်ကျန်ပွဲအပြီးမှာတော့ အဆင့်အပြောင်းအလဲ ထပ်ရှိလာနိုင်ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။