26 July 2026 5:12 PM

ပခုက္ကူရှိ ကျေးရွာတွေကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းကပါ စီးနင်းဝင်ရောက်လို့ ဒေသခံ သောင်းချီထွက်ပြေးနေရ

0 1
0 1

ပခုက္ကူ၊ မေ ၂၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က မေလ ၂ ရက် ဒီမနက် ၆ နာရီမှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းနေလို့ ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ ညောင်လှ၊ အိုင်ကြီးစတဲ့ကျေးရွာ ၂ ရွာကို တိုက်ပွဲမဖြစ်ဘဲ ဝင်ရောက်စီးနင်းနေတာကြောင့် အနီးနားက ကံကြီးစုရွာ၊ ပေါက်တောရွာ၊ မြို့စိုးရွာ၊ သီရိလေးရွာ၊ ငှက်ပျောတောရွာ၊ ငွေသောင်ရွာ၊ ချမ်းသာကြီးရွာ၊ ဆယ်လံရွာက ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ အိုင်ကြီးရွာသား တဦးက ပြောပါတယ်။

“မနေ့က အိုင်ကြီးရွာက ရွာခံအမျိုးသား ၂ ယောက်ကို စကစ ၁၀ လောက်က ပစ်ခတ်ဖမ်းဆီးတယ်။ မမိခဲ့ဘူး။ အဲ့စကစတွေ ရွာဆိုင်းဘုတ်နားမှာ မိုင်းကွဲလို့ ၂ ကောင် သေတယ်။ အဲ့တာကိုမကျေနပ်လို့ ဒီနေ့မှာ အင်အားအတော်များနဲ့ ရွာကို ဝင်စီးနေကြတာ။ သေနတ်ပစ်ခတ်သံတွေလည်း ကြားရတယ်” လို့ ဆိုပါတယ်။

အခုလို စစ်ကြောင်းထိုးနေတာကြောင့် ကျွန်းပြင်ပေါ်တွေမှာ စစ်ရှောင်နေကြရတဲ့ စစ်ရှောင်တွေ အပါအဝင် အခု ထွက်ပြေးနေရတဲ့ ဒေသခံတွေ စုစုပေါင်း သောင်းချီရှိပြီး၊ လက်ရှိမှာလည်း ပခုက္ကူကနေ ပုဂံ-ညောင်ဦးဘက်ကို သွားလို့ရတဲ့ ရေကြောင်းလမ်းကိုလည်း စစ်ကောင်စီတပ်က ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခုကျွန်းပြင်တွေမှာ စစ်ရှောင်သူတွေလည်း ထပ်ပြေးနေရပြီ။ တော်တော်ဒုက္ခရောက်နေရပြီ။ ပုဂံဘက်ကိုပြေးလို့လည်း မရတော့ဘူး။ ရေကြောင်းကို ဒီမနက်ပဲ ပိတ်လိုက်ပြီလို့ သိရတယ်” လို့ ဆိုပါတယ်။

လက်ရှိရွာတွေကို ထိုးနေတဲ့စစ်ကြောင်းဟာ တိရစ္ဆာန်မွေးမြူရေးနဲ့ လေ့ကျင့်ရေးအမှတ် (၁)တပ်(BPI)နဲ့ ကျွန်းချောင်း(EPC)စက်ရုံထဲ တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်သားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၂ ရက်ကလည်း (PBI)တပ်ကို ပခုက္ကူအခြေစိုက် မဟာမိတ်တပ်ပေါင်းစု ဒေသကာကွယ်ရေးတပ်(MCKCPDF)မှ ဝင်ရောက် တိုက်ခိုက်ခဲ့လို့ အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာ ၁၂ ရွာမှ ဒေသခံ ၂ သောင်းခန့်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။