27 July 2026 1:26 PM

မီးဘေးနဲ့စစ်ဘေးရှောင်တွေအတွက် အိမ်အလုံး ၇၀၀ အထိ ဆောက်ပေးခဲ့တဲ့ S & C

0 1
0 1

စစ်ကိုင်း၊ မေ ၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်းအတွင်း မီးရှို့ခံကျေးရွာ ၃၈ ရွာက မီးဘေးနဲ့ စစ်ဘေးရှောင်တွေအတွက် အိမ်အလုံး ၇၀၀ ကို ဆောက်လုပ်ပေးနိုင်ပြီလို့ S & C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ကစပြီး မီးဘေးစစ်ဘေးရှောင်တွေအတွက်နေအိမ်တွေ ဆောက်လုပ်လှူဒါန်းပေးခဲ့ပြီး ယခင်က အိမ်အလုံးရေ ၁၀၀ အထိသာ ဆောက်လုပ်ပေးဖို့ ရည်မှန်းထားပေမယ့်လည်း ပြည်တွင်းပြည်ပ မှာရှိတဲ့ ပြည်သူတွေရဲ့ကူညီမှုကြောင့် အခုလို အိမ်အလုံးရေ ၇၀၀ အထိ ရောက်ရှိခဲ့တယ်လို့လည်း S & C တာဝန်ခံတဦးက ပြောပါတယ်။

“ကျနော်တို့ အခုဆောက်လုပ်ပေးထားတဲ့ နေရာတွေက သူတို့အိမ်နေရာတွေမှာပဲ ပြန်ဆောက်ထားပေးတယ်။ ဆောက်ပေးထားတဲ့ အိမ်တွေက ယာယီအိမ်မဟုတ်ဘူး၊ ပုံမှန်ကျနော်တို့ မီးရှို့မခံရဘူးဆိုရင် အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အတွင်းနေလို့ရတဲ့အိမ်တွေ ခိုင်ခိုင်ခန့်ခန့်နဲ့သေချာလေး ကျကျနန ဆောက်လုပ်ထားပေးတဲ့အိမ်မျိုး ကျနော်တို့ဆောက်လုပ်ပေးတဲ့ အိမ်တွေဆိုရင် မိသားစု လေးငါးခြောက်ယောက်လောက် နေလို့ရတဲ့အိမ်မျိုး” လို့ ဆိုပါတယ်။

ဆက်လက်ပြီး စစ်ကိုင်းမြို့နယ်ထဲက ကျန်ရှိနေသေးတဲ့ မီးဘေး၊ စစ်ဘေးရှောင်တွေအတွက် နေအိမ် ၃၀၀ ကို ဆောက်လုပ်ပေးသွားဖို့ရှိပေမဲ့လည်း စစ်ကောင်စီစစ်ကြောင်းတွေ ထိုးစစ်ဆင်လာတဲ့အတွက် ရပ်နားထားရတယ်လို့ သူကဆက် ပြောပါတယ်။

“အိမ်အလုံး ၃၀၀ ပြည့်ဖို့ကတော့ အနည်းဆုံးအချိန် ၂ လလောက် ယူရမယ်ထင်တယ်။စစ်ကြောင်းတွေ ဘတ်ဂျက်တွေအပေါ်မူတည်ပြီးတော့ အိမ် ၁၀၀၀ target ပြည့်ဖို့အတွက်ကတော့ ကျနော်တို့ကြည့်ရမှာပေါ့။ တကယ်လို့ ကျနော်တို့သတ်မှတ်ထားတဲ့ target ပြည့်သွားရင်လည်း နောက်ထပ် ဆက်လုပ်ဖို့တွေရှိတယ်။ အခုလည်း ရေတွင်းတွေတူးဖော်နေတယ်”လို့ ဆိုပါတယ်။

ထပ်မံပြီးတော့လည်း မေလအတွင်းမှာ လျှပ်စစ်မီးမရတဲ့ မီးဘေးသင့်ပြည်သူတွေအတွက် Solar Power Station တွေနဲ့ မီးပေးနိုင်ဖို့အတွက် အိမ်အလုံး ၁၀၀ မီးလင်းရေး ဖော်ဆောင်ဖို့ကို လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

S & C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့ကလည်း ရွှေဘိုခရိုင်အတွင်း မီးရှို့ခံရတဲ့ ကျေးရွာ ၅ ရွာက ပြည်သူတွေအတွက် အိမ်နဲ့တကွ လက်ယက္ကန်းစင် အလုံး ၂၀ ကိုလည်း ဆောက်လုပ်ပေးခဲ့ ပါသေးတယ်။

ဆောက်လုပ်ပေးနေတဲ့ နေအိမ်တွေရဲ့ တန်ဖိုးဟာ ၂ သိန်းကနေ ၂ သိန်းခွဲအထိရှိပြီး အသုံးပြုမယ့်ပစ္စည်းတွေ သယ်ယူရတဲ့နေရာအနီးအဝေးပေါ်မူတည်ပြီး ဈေးအနည်းငယ်ကွာဟနိုင်ပြီး အိမ်တွေကိုတော့ ထန်းလျက်၊ ဝါး၊ သစ်သားတွေနဲ့ အဓိကထား ဆောက်လုပ်တယ်လို့ အဲဒီအဖွဲ့ဆီကသိရပါတယ်။

စာတည်း-007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။