မြင်းခြံမှာ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရလို့ ၈ ဦးသေဆုံး ၅ ဦးဒဏ်ရာပြင်းထန်ဟုဆို

0 1
0 1

မြင်းခြံ၊ ဧပြီ ၃၀၊ ၂၀၂၃။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာ၊ ရွှေညောင်ပင်ဘုန်းကြီးကျောင်းအနီးက စစ်ကောင်စီတပ်စွဲထားတဲ့စခန်းကို ဧပြီလ ၂၉ ရက် မနက် ၄ နာရီခန့်မှာ PDF တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်အင်အား ၃၀ နီးပါးရှိတဲ့ အဲ့ဒီစခန်းကို အချိန် ၁ နာရီခန့်ကြာအထိ တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကာ ၅ ဦး ပြင်းထန်ဒဏ်ရာရလို့ ဆေးကုသနေတယ်လို့ မြင်းခြံခရိုင် PDF တပ်ရင်း ၃ တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

“ကျနော်တို့ဝင်တိုက်တာ ၁ နာရီလောက်ကြာမယ်။ ရန်သူ့ဘက်က အရာရှိအပါ ၈ ယောက်သေတယ်၊ ဒဏ်ရာရတာများတယ်၊ ၅ ယောက်ကပြင်းထန်ဒဏ်ရာရတယ်လို့ သိရတယ်။ တပ်ဖွဲ့ဝင်တွေ အထိခိုက်မရှိခဲ့ပါဘူး” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က မျက်နှာပုံပျက်နေတဲ့ သေဆုံးခဲ့သူ ၁ ဦးကို မနေ့နေ့လယ်ပိုင်းမှာဘဲ အမှတ် ၆ ရေဝင်သုသာန်မှာ သဂြိုလ်ခဲ့ပြီး၊ ကျန်သေဆုံးသူတွေကို ကားတွေနဲ့သယ်ဆောင်သွားကာ ဒဏ်ရာပြင်းထန်ရသူတွေကို မြင်းခြံမြို့ဆေးရုံမှာ ကုသနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃၊ Burmese Guerrilla Force နဲ့ ကျေးရွာတပ်ပေါင်းစုတော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်တာလို့ဆိုပါတယ်။

ဧပြီ ၁၅ ရက်ကလည်း မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေက မလှိုင်မြို့နယ်၊ နှောကန်ရဲစခန်းကို မနက်ပိုင်းမှာဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ သိရပါတယ်။

စာတည်း-ရင်ငြိမ်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။