မြေလတ်အသံ၊ နိုဝင်ဘာ ၂၀၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းရှိ ကံကြီးကျေးရွာကို စစ်ကော်မရှင်တပ်က တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး ၃ ဦးအပါ ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
နိုဝင်ဘာ ၁၉ ရက် ည ၁၂ နာရီကျော်မှာ တိုက်ခိုက်ရေးလေယာဥ်တစီးနဲ့ ကံကြီးကျေးရွာအလယ်ရှိ နေအိမ်တွေပေါ်ကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


” ရွာအလယ်က အိမ်တွေပေါ်မှာတည့်တည့်ကျတာဗျ၊ အသံကြီးကလည်း အဝေးကြီးတောင်မှဟိန်းဟောက်သွားတာဆိုတော့ တော်တော်ကို တုန်လှုပ်ခြောက်ခြားစရာပါ အသံကြောင့်လည်း အများကြီးပျက်သွားတာပါ ပျက်စီးမှုကတော့တော်တော်ကြီးကြီးမားမားကြီးရှိပါတယ်” လို့ အညာမြေအရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် နေအိမ်တွင်းရှိနေတဲ့ အသက် ၁၀ နှစ်ဝန်းကျင်ကလေး ၃ ဦးနဲ့ အသက် ၃၀ ကျော် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး နောက်ထပ် လူ ၂၀ နီးပါး ထိခိုက်ဒဏ်ရာရှိခဲ့ကာ လူနေအိမ် ၁၅ လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


“ နေအိမ်ကတော့သေချာပေါက် ၁၅ လုံးကတော့ တော်တော်ကို ဆိုးဆိုးရွားရွားပျက်သွားတာ ကျန်တဲ့ လေး၊ ငါးလုံးကတော့သွပ်လန်တာ၊ သွပ်ပေါက်တာ၊ အကာပေါက်တာ၊ အကာပျက်တာ ၁၅ လုံးကတော့ ညက်ညက်ကြေအောင်ပျက်သွားတဲ့သဘော” လို့ သူက ပြောပါတယ်။
နိုဝင်ဘာ ၁၇ ရက်ကလည်း မြိုင်မြို့နယ်၊ သင်းမကျေးရွာနဲ့စာသင်ကျောင်း ကို စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၇၀ ကျော်အဘွားတဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။