ရေနံ့သာရဲစခန်းနဲ့ ကပစ ၁၂ ကိုတပြိုင်တည်းတိုက်ခိုက်ပြီး ဘန်ကာ ၄ ခုအထိသိမ်းခဲ့

0 41
0 41

တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံး

ကံမ၊ နိုဝင်ဘာ ၇၊ ၂၀၂၅။

မကွေးတိုင်း၊ ကံမမြို့နယ်၊ သရက်-ကံမ လမ်းပိုင်း၊ ရေနံ့သာကျေးရွာရှိ ရေနံ့သာရဲစခန်းနဲ့ ကပစ ၁၂ ကို တိုက်ခိုက်ပြီးနောက် တိုက်ပွဲဖြစ်ပြီး နှစ်ဖက်သေဆုံးမှုရှိခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း ၄ တာဝန်ရှိသူတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၆ ရက်မနက် ၆ နာရီခန့်မှာ အင်အား ၃၀ ကျော်ရှိ စစ်ကော်မရှင်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့ကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီကျော်ကြာဖြစ်ခဲ့ပြီး ရေနံသာရဲစခန်းကိုတိုက်နေချိန် ကပစ ၁၂ တပ်ကို လည်း ၁၂၂ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ပစ်ခတ်ခဲ့ရာ ၄ လုံးကို ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ခြံစည်းရိုးလေးထပ်လောက်ရှိတာကို ကျနော်တို့ဝင်ရောက်ပြီးတော့ အုတ်ဘန်ကာ ၆ ခုလောက်မှာ ၄ ခုကိုသိမ်းပြီးတော့ နောက် ၂ ခုကိုဆက်သိမ်းပိုက်ဖို့လုပ်တဲ့အချိန်မှာ သူတို့ရဲ့ ခုခံမှုက စနိုက်ပါပါဝင်လို့ ကျနော်တို့ဆီက ရဲဘော် ၂ ယောက်ထိခိုက်ကြတယ်။ ဒဏ်ရာရတာရှိတယ်။ အခြေနေအရ စခန်းသိမ်းကနေ ဆုတ်ခွာလိုက်ရတယ်”လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံကိုမြတ်က ပြောပါတယ်။

တိုက်ခိုက်ချိန် ၂ နာရီခွဲအတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး သရက်ခရိုင်တပ်ရင်း ၄ က တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့သလို စစ်ကော်မရှင်ဘက်ကလည်း ၇ ဦးသေဆုံးပြီး ထိခိုက်သူ များပြားခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေရဲ့အတည်ပြုချက်အရ ကိုမြတ်က ပြောပါတယ်။

ကပစ ၁၂ ထဲကို ရှော့တိုက်ဒုံးတွေပစ်ခတ်ရာမှာ စက်ရုံဧရိယာဝန်းအတွင်းကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။

စက်ရုံအတွင်း ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲပြီးနောက် လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ရာ သရက်မြို့နယ်၊ ညောင်ပင်သာကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး နေအိမ် ၁ လုံးပျက်စီးကာ သက်ကြီးပိုင်း အမျိုးသမီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးထိမှန်တာကြောင့် ပဇင်းနိမ့်ကျေးရွာက သက်ကြီးအမျိုးသမီး ၂ ဦးဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ကာ အုတ်ပုံကျေးရွာက အသက် ၃၀ ဝန်းကျင် အမျိုးသမီး ၂ ဦးဒဏ်ရာရပြီး နေအိမ် ၃ လုံးမီးလောင်ပျက်စီးခဲ့ပါသေးတယ်။

ဒါ့အပြင် ရေနံ့သာရဲစခန်းတိုက်ခိုက်ခံနေရချိန် ကပစ ၁၂ နဲ့ ကံမမြို့ဘက်မှ စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အား ၆၀ ကျော်နဲ့စစ်ကူလာခဲ့သလို လက်နက်ကြီးအပါအဝင် ဂျက်ဖိုက်တာနဲ့ပါ ဗုံးကြဲတာကြောင့် ကံမမြို့နယ်၊ ဆုံကုန်းကျေးရွာ နဲ့ သစ်ငုတ်တထောင်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကာ သရက်-ကံမ လမ်းပိုင်းရှိအရေးပါတဲ့ တံတား ၁ စင်း ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ရေနံသာ၊ ဆုံကုန်း၊ သံပုရာ၊ ပုညို၊ ကျီးနီ၊ ကျောက်ချောင်း၊ သစ်ငုတ်တောင်၊ ညောင်ပင်သာ၊ အုတ်ပုံ၊ ပဇင်းနိမ့်ရွာတွေက ဒေသခံ ၄,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကပစ ၁၂ နဲ့ ကံမဘက်က စစ်ကူလာတဲ့အဖွဲ့တွေကတော့ နိုဝင်ဘာ ၆ ရက်ညပိုင်းမှာ ရေနံ့သာ ကျေးရွာကိုရောက်ရှိပြီး နိုဝင်ဘာ ၇ ရက်မှာ ကျေးရွာထဲကနေအိမ်တွေကို ဝင်ရောက် မွှေနှောက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်ကလည်း ရေနံ့သာရဲစခန်းကို သရက်ခရိုင်တပ်ရင်း ၄ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး ရဲတပ်ကြပ် ၁ ဦးဖမ်းမိကာ လက်နက်ခဲယမ်းအချို့နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းပိုက်နိုင်ခဲ့ကာ စခန်းကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။