တပ်ကထွက်ပြေးလို့ စစ်ထောင်ကျခဲ့ပြီးပြန်လွတ်လာတဲ့စစ်သား ထပ်မံထွက်ပြေးလာ

0 25
0 25

မြေလတ်အသံ၊ အောက်တိုဘာ ၃၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အခြေစိုက် ခမရ ၁၂၀ တပ်ရင်းမှ ထွက်ပြေးလာခဲ့တဲ့ စစ်ကော်မရှင်တပ်သား ၁ ဦးကို ထိန်းသိမ်းထားတယ်လို့ ဝန်းသိုမြို့နယ်ပကဖဆီက သိရပါတယ်။

ထွက်ပြေးလာသူဟာ အသက် ၂၄ နှစ်အရွယ် တပ်သား အောင်ကိုဦးဖြစ်ပြီး အောက်တိုဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ တပ်ထဲကနေထွက်ပြေးလာခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့နဲ့နီးစပ်တဲ့ အမျိုးသမီး ၁ ဦးနဲ့တွေ့ပြီး အောက်တိုဘာ ၂၉ ရက်ညနေ ၆ နာရီမှာ ဝန်းသိုမြို့နယ်ပကဖဆီကို ရောက်ရှိခဲ့တာလို့ ဆိုပါတယ်။

“သူထွက်ပြေးလာတော့ သံလမ်းကိုရောက်တယ်။ သံလမ်းအတိုင်းလျှောက်ခဲ့တဲ့အချိန် မှာ ပြည်သူအမျိုးသမီး ၁ ဦးနဲ့တွေ့တယ်။ သူမက ‘ဘယ်ကိုသွားမလို့လဲ၊ ဘာလုပ်မလဲ’လို့ မေးလိုက်တယ်။ သူကခြေဦးတည့်ရာသွားမှာပေါ့။ ဘယ်ကလာတာလဲဆိုတော့ တပ်ကနေထွက်ပြေးခဲ့တာဆိုတော့ သူမက ကျနော်တို့ဆီကိုထည့်ပေးခဲ့တယ်။ သူမက ကျနော်တို့ဆီကို ဆိုင်ကယ်နဲ့ခေါ်ဆောင်ခဲ့ပြီးမှ ကျနော်တို့လက်ထဲကိုထည့်ခဲ့တယ်”လို့ ဝန်းသိုမြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

တပ်သားအောင်ကိုဦး တပ်ကနေထွက်ပြေးလာခဲ့ချိန် အရပ်ဝတ်နဲ့ဖြစ်ပြီး သေနတ်မပါလာခဲ့တာကြောင့် သူ့ကိုခေါ်လာတဲ့ အမျိုးသမီးကလည်း မကြောက်ဘဲ ပကဖဆီရောက်ရှိအောင် ခေါ်ဆောင်ခဲ့တာလို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

တပ်သား အောင်ကိုဦးဟာ ၂၀၂၄ စက်တင်ဘာလက မိတ္ထိလာမြို့ပေါ်မှာ ညစာထွက်စားချိန် စစ်ကော်မရှင် တပ်သားတွေရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုကိုခံရကာ စစ်မှုအပတ်စဥ် ၅ တက်ခဲ့ရပြီး သင်တန်းဆင်းချိန်မှာ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ ကို ရောက်ရှိခဲ့တာလို့ဆိုပါတယ်။

တပ်မ ၃၃ ကိုရောက်ပြီး ၃ ရက်မြေက်နေ့မှာ ထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့် မန္တလေးနန်းတွင်း စစ်အကျဥ်းထောင်မှာ ပြီးခဲ့တဲ့ဇွန်လအထိ ၆ လ စစ်ထောင်ချခံခဲ့ရကာ ထောင်ကလွတ်ချိန်မှာလည်း တပ်မ ၃၃ ကိုပဲပြန်လည်ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာ တပ်မ ၃၃ လက်အောက်ခံ ဝန်းသိုမြို့နယ်အခြေစိုက် ခမရ ၁၂၀ တပ်ရင်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ဒုတိယအပတ်မှာ ပြောင်းရွှေ့တာဝန်ကျခဲ့ပြီး ရှမ်းမြောက်ဘက်ကို ရှေ့တန်းမထွက်ချင်တာ ကြောင့် အခုလိုထွက်ပြေးလာခဲ့တာဖြစ်တယ်လို့ တပ်သားရဲ့ပြောဆိုမှုကို ကိုးကားပြီး အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ အောင်ကိုဦးကို ဝန်းသိုမြို့နယ်ပကဖက ကောင်းမွန်စွာကျွေးမွေးထားပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တာ ရှိ၊မရှိနဲ့ ပတ်သက်ကာ စစ်ဆေးမေးမြန်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

စာတည်း – လင်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။