ခင်ဦးနယ် မြို့သစ်ရွာကို စစ်တပ်က ၂ ရက်ဆက်မီးရှို့လို့ အိမ် ၁၀၀ နီးပါးပျက်စီး

0 1
0 1

ခင်ဦး၊ ဧပြီ ၂၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်သားတွေက ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

တပ်သားအင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းက ဧပြီလ ၂၆ ရက်မနေ့ကညနေ ၆ နာရီလောက်မှာ မြို့သစ်ရွာကို ဝင်ရောက်လာပြီး ပထမအကြိမ် မီးရှို့ဖျက်ဆီးပြီးနောက် တပ်စွဲနေထိုင်ကာ ဧပြီလ ၂၇ ရက်ဒီမနက် ၇ နာရီလောက်မှာ ဒုတိယအကြိမ် ထပ်မံမီးရှို့ခဲ့တာလို့ Khin U Local Guerrilla Force ရဲ့တာဝန်ခံ ဂျက်စတင်က ပြောပါတယ်။

“အိမ်ခြေက ၉၀ ကျော် ၁၀၀ နီးပါးလောက် မီးရှို့ခံလိုက်ရတယ်။ ၂ ရက်ဆိုတော့လေ။ နောက်ပြီး သူတို့ရွာထဲကနေ ပြန်ထွက်ချိန် ကျနော်တို့ ဒရုန်းနဲ့ကြည့်တဲ့အထဲမှာ ပြည်သူလို့ထင်ရတဲ့ အရပ်သား ပြည်သူ ၁ ယောက် ၂ ယောက် ဖမ်းဆီးခံသွားရတယ်လို့လည်း သိရတယ်။ သူတို့စစ်ကြောင်းထိုးလာတဲ့အချိန် မရှောင်လိုက်နိုင်လို့ အဖမ်းခံရတယ် ထင်တယ်” လို့ ပြောပါတယ်။

အဖမ်းခံရသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘဲ ဒီမနက် ၉ နာရီလောက်က စစ်ကောင်စီတပ်သားတွေ ရွာကပြန်ထွက်သွားချိန်မှာ သူတို့နဲ့အတူ ရေဦးမြို့ဘက်ကို ခေါ်သွားတယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၆၀၀ နီးပါးရှိတဲ့ မြို့သစ်ကျေးရွာဟာ အခုလိုမီးရှို့ဖျက်ဆီးခံရတာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်ကလည်း အဲ့ဒီကျေးရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက် ရွာကိုမီးဝင်ရှို့ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ မြို့သစ်ကျေးရွာအပါအဝင် ခင်ဦးနယ်ထဲက ကံကြီးကုန်း၊ ရွှေယမင်း၊ သာဂရ၊ မြင်းဒေါင်းနဲ့ မြကန် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ၃၀၀၀ ကျော်လည်း ရွာကနေထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ရေးသားထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။