◼ ၁ ဦးပြန်လွတ်လာပြီး ပျူစောထီးတွေက လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်တောင်းဆိုခဲ့တယ်လို့ ဆို
မြေလတ်အသံ၊ အောက်တိုဘာ ၃၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာကျေးရွာရှိ ပျူစောထီးဂိတ်မှာ အသက် ၁၆ နှစ် မိန်းကလေးငယ် ၂ ဦး ဖမ်းဆီးခံခဲ့ရပြီး ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ကန့်ဘလူခရိုင်အမှတ် ၃ တပ်ရင်းထံက သိရပါတယ်။
ဖမ်းဆီးခံရသူမိန်းကလေး၂ ဦးမှာ ကောလင်းမြို့နယ်၊ ပေကုန်းကျေးရွာနေ အသက် ၁၆ နှစ်အရွယ် မစုမြတ်ပြည့် နဲ့ မရွှန်းရွှန်းလဲ့ တို့ဖြစ်ပြီး ဆိုင်ကယ်နဲ့ခရီးသွားစဥ် အောက်တိုဘာ ၂၉ ရက် မနက် ၉ နာရီက အထက်ပါစစ်ဆေးရေးဂိတ်အရောက်မှာ ပျူစောထီးတွေက အကြောင်းမဲ့ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းခံခဲ့ရတဲ့ မိန်းကလေး ၂ ဦးအနက် မစုမြတ်ပြည့်ဟာ ပျူစောထီးတွေထံကနေထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ယမန်နေ့ နေ့လယ် ၂ နာရီမှာခန့်မှာ ကန့်ဘလူခရိုင် PDF တွေက ကယ်ဆယ်နိုင်ခဲ့ကာ သူ့ရဲ့မိဘတွေဆီပြန်ပို့ပေးနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင် PDF တပ်ရင်း ၃ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
” သူ့(စုမြတ်ပြည့်)ကို ပျူစောထီးတွေက ငါ့လိုအင်ဆန္ဒဖြည့်ဆည်းပေးမှာလား အသေခံမလားလို့မေးတယ်တဲ့ဗျ။ သူကအသေခံမယ်လို့ပြန်ပြောလိုက်တော့ ပျူစောထီးတွေက သတ်ဖို့ရာပစ္စည်းသွားယူနေတုန်း ထွက်ပြေးလာခဲ့တာဗျ။ ဖမ်းထားချိန်သူ့ကို ကြိုးမတုတ်ဘဲ ဒီအတိုင်းထားတာ” လို့ ပြန်လွတ်လာတဲ့မိန်းကလေးရဲ့ပြောပြချက်ကို သူက ပြောပါတယ်။
ထွက်ပြေးလာချိန်မှာ ပျူစောထီးတွေရဲ့စစ်ဆေးမေးမြန်းတာခံနေရတဲ့ မရွှန်းရွှန်းလဲ့ကို တွေ့မြင်ခဲ့ရပြီး သူ့ကိုတော့ ပျူစောထီးတွေက သတ်လိုက်ပြီလို့ ယူဆရကြောင်း မစုမြတ်ပြည့်က ပြောပါတယ်။
” သူတို့ကိုဖမ်းဆီးပြီးတော့ တယောက်တနေရာခွဲပြီး စစ်ဆေးမေးမြန်းတာတဲ့။ သူမ(စုမြတ်ပြည့်)ကျနော်တို့ဆီရောက်တဲ့အချိန်မှာ ဂိတ်ကနေ မီးရှို့လို့ မီးခိုတွေထွက်ပေါ်နေတာတွေ့ရတယ်။ ကလေးမကိုသတ်ပြီး အလောင်းဖျောက်တဲ့ပုံစံလုပ်တာလို့ ထင်တယ်” လို့ သူက ဆိုပါတယ်။
မစုမြတ်ပြည့်နဲ့ မရွှန်းရွှန်းလဲ့တို့ ၂ ဦးဟာ ၈ တန်းတက်ရောက်နေတဲ့ကျောင်းသူတွေဖြစ်ပြီး ကျောင်းတက်ရင်းကနေ အလုပ်လုပ်ဖို့ ရွှေဘိုမြို့ကိုသွားရောက်ရာက လမ်းမှာအခုလိုဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
အောက်တိုဘာ ၁၆ ရက်ကလည်း ကောလင်းမြို့နယ်၊ညောင်ကုန်းကျေးရွာကနေ တန့်ဆည်မြို့ကို ကထိန်ခင်းဖို့သွားတဲ့ လင်မယား ၂ ဦး စံပါယ်နံ့သာပျူစောထီးဂိတ်မှာ ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီးဖြစ်သူကို ပျူစောထီးတွေကအဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကာ အမျိုးသားမှာ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
ကန့်ဘလူနယ်ဟာ မဘသဘုန်းကြီး ဦးဝါသဝ ဦးဆောင်တဲ့ပျူစောထီးတွေ အားကောင်းတဲ့မြို့နယ်ဖြစ်ပြီး စစ်ဆေးရေးဂိတ်တွေမှာ ပျူစောထီးတွေက အဓိကတပ်စွဲထားသလို ကန့်ဘလူနယ်ပျူစောထီးတွေဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ပြီး အရပ်သားတွေကို သတ်ဖြတ်တာမှာလည်း နာမည်ဆိုးနဲ့ကျော်ကြားတာလည်း ဖြစ်ပါတယ်။
စာတည်း – ဟိန်းစံ