နတ်တလင်း၊ အောက်တိုဘာ ၁၈၊ ၂၀၂၅။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အမှတ် ၆ ရပ်ကွက်နဲ့ နတ်တလင်းမြို့နယ်ထဲက ကျေးရွာ ၄ ရွာကို စက်တပ်လေထီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၁ ဦးအပါအဝင် စုစုပေါင်း ၃ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အောက်တိုဘာ ၁၈ ရက် မနက် ၅ နာရီကျော်မှာ စစ်ကော်မရှင်တပ်က စက်တပ်လေထီး ၂ စီးနဲ့ အမှတ် ၆ ရပ်ကွက် အစွန်ပိုင်းကို ဗုံးသီး ၆ လုံးထက်မနည်းကြဲချခဲ့တယ်လို့ ဆိုပါတယ်။
“ကလေးကသူ့အိမ်မှာ အိပ်နေချိန်ထိတာ။ ထိတဲ့ကလေးက ကျောင်းသား G-11။ ဒဏ်ရာရတာတော့များတယ်။ အောက်ပိုင်းကော လက်မောင်းတွေကော။ ခုထိ Y 12 နဲ့လည်း လာကြဲနေသေးတယ်။ သတင်းပေးတဲ့ကောင်တွေရှိလို့ လာကြဲတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးကြဲခံရပြီး အသက် ၁၈ နှစ်အရွယ် မောင်ရှိုင်းဝဏ္ဏရဲ့ခြေထောက်နဲ့လက်မှာ ထိခိုက်ဒဏ်ရာပြင်းထန်ရရှိပြီး နီးစပ်ရာဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်အောက်တိုဘာ ၁၇ ရက် နေ့လယ် ၁ နာရီကျော်မှာလည်း ရွှေတောင်မြို့ဘက်ကတက်လာတဲ့ စက်တပ်လေထီး ၂ စီးဟာ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်တဝိုက်ရှိ သင်ဘောချည်တိုင်၊ မယင်း၊ ကြာညို၊ အောင်သုခကျေးရွာတွေကို ဗုံး ၉ လုံးကြဲချခဲ့တယ်လို့ သိရပါတယ်။
“တောင်ညိုဆည် သင်ဘောချည်တိုင်ရွာရဲ့ ဘုန်းကြီးကျောင်းကိုကြဲတာ။ အောင်သုခလှေဆိပ်မှာကျတော့ သစ်စက်ထဲကျလို့ ဒဏ်ရာရကြတယ်။ မယင်းက အပြန်မှာစာသင်ကျောင်းပေါ်ကျတယ်။ ဘုန်းကြီးကျောင်းပေါ်တလုံး၊ စာသင်ကျောင်းပေါ် တလုံး၊ ရွာထိပ်တွေကို ချတယ်။ မထိတဲ့နေရာတွေမထိဘူး။ ထိတဲ့နေရာထိကြတယ်”လို့ ဒေသခံတဦးကပြောပါတယ်။
ဗုံးကြဲခဲ့တာကြောင့် သင်ဘော်ချည်တိုင် ဘုန်းကြီးကျောင်းအတွင်းက သံဃာ ၁ ပါး၊ ကိုရင် ၁ ပါး၊ ကျောင်းသား ၂ ဦး ဒဏ်ရာရကာ၊ ကြာညိုကျေးရွာရှိ ဒေသအခေါ် ကိုမင်းကျော်ကုန်းအနီးနေအိမ်က အသက် ၁၀ နှစ်အရွယ်မိန်းကလေးငယ် ၁ ဦးနဲ့ အမေဖြစ်သူ အသက် ၄၀ ကျော်အရွယ်အမျိုးသမီး ၁ ဦးတို့သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် မယင်းကျေးရွာစာသင်ကျောင်းထဲက အမျိုးသား ၁ ဦးလည်းသေဆုံးပြီး အောင်သုခလှေဆိပ်နားက အမျိုးသား ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ခုလိုစက်တပ်လေထီးနဲ့ဗုံးလိုက်ကြဲနေလို့ သင်ဘောချည်တိုင်၊ မယင်း၊ ကြာညို၊ အောင်သုခကျေးရွာတွေက ဒေသခံအများစုကဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၆ ရက်ကလည်း နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်အနီး မကျီးပင်ကျေးရွာမှာ စက်တပ်လေထီးနဲ့ဗုံးကြဲခံရပြီး အမျိုးသား ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။
စာတည်း – လင်း