မြေလတ်အသံ၊ အောက်တိုဘာ ၁၈၊ ၂၀၂၅။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းစခန်းကနေ ထွက်ပြေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဖမ်းဆီးရမိထားသလို အလံဖြူထောင်လက်နက်ချဝင်ရောက်လာသူတွေလည်း ဆက်တိုက်ရှိနေတယ်လို့ အာရက္ခတပ်တော်-AA က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၇ ရက်က နတ်ရေကန်တောင်ကြောနေရာတချို့မှာ စခန်းစွန့်ထွက်ပြေးနေတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အလံဖြူထောင်လက်နက်ချဝင်ရောက်လာပြီး နောက်ထပ်စစ်ကော်မရှင်တပ်သားတချို့ကို တိုက်ပွဲအတွင်းလက်ရဖမ်းဆီးနိုင်ခဲ့ကာ ၎င်းတို့ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ပြုစုစောင့်ရှောက်ပေးထားတယ်လို့ ဖော်ပြပါတယ်။
အာရက္ခတပ်တော်ရဲ့သတင်းထုတ်ပြန်မှုဓာတ်ပုံမှတ်တမ်းအရ ဖမ်းဆီးခံရတာနဲ့လက်နက်ချလာသူ နတ်ရေကန်စခန်းကစစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၁ ဦးပါဝင်တာ တွေ့ရပါတယ်။
နတ်ရေကန်ဗျူဟာကုန်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ပင်မစခန်းကို စတင်တိုက်ခိုက်တဲ့ အောက်တိုဘာ ၁၀ ရက်ညနေပိုင်းကတည်းက စခန်းစွန့်ခွာထွက်ပြေးသွားတာဖြစ်ပြီး ထွက်ပြေးသွားတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို နတ်ရေကန်တောင်ကြောတလျှောက် မဟာမိတ်ပူးပေါင်းအဖွဲ့တွေက လိုက်လံဖမ်းဆီးနေတာပါ။
နတ်ရေကန်ဗျူဟာကုန်း(ခ)ကမ္ဘာလုံးစခန်းရဲ့ ကာကင်းတွေအားလုံးကို စက်တင်ဘာလနောက်ဆုံးပတ်နဲ့ အောက်တိုဘာပထမပတ်တွေမှာ AAနဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ပြီးတဲ့နောက် အောက်တိုဘာဒုတိယအပတ်မှာ ပင်မစခန်းကုန်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ လက်ကျန်နေရာတချို့ကိုတိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က နတ်ရေကန်ဗျူဟာကုန်းမကျရှုံးရေးအတွက် လေကြောင်းပစ်ကူ၊ စစ်ကူတွေအဆက်မပြတ်ပေးနေပေမယ့် AA အနေနဲ့ အကောင်းဆုံးတုံ့ပြန်ခံစစ်တွေနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – AA